Pages

Beautiul_Myanmar

Friday, April 20, 2012

မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ နော်လေးဒီ ထိုင်းဒေသခံ အာဏာပိုင်များ ပေးအပ်သော စံပြခေါင်းဆောင်ဆုရရှိ

မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ နော်လေးဒီ ထိုင်းဒေသခံ အာဏာပိုင်များ ပေးအပ်သော စံပြခေါင်းဆောင်ဆုရရှိ

ချိုးလင်းပြာ
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြုလုပ်သော နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွင် စံပြ အမျိုးသမီးဆု ၁၂ ဆု ချီးမြှင့်ရာ မြန်မာနိုင်ငံမှ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

တာ့ခ် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးသမီးများ၏ တက်ကြွလှုပ်ရှားမှု၊ အနစ်နာခံမှု၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်သော အမျိုးသမီးများကို အများအတွက် စံပြဖြစ်စေရန် ရည်ရွယ်၍ ဤဂုဏ်ပြုဆုကို ချီးမြှင့်ခြင်း ဖြစ်ပြီး တာ့ခ် ခရိုင်မှ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဌာနမှ ကြီးမှူး၍ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စံပြ ဆုရသူမှာ မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ နော်လေးဒီဖြစ်ပါသည်။ သူမကို မဲဆောက်ရှိ မြန်မာ လူမှုအသိုင်းအ၀ိုင်းအတွင်း လူမှုဝန်ထမ်းစိတ်ရှိခြင်း၊ နှစ်ပေါင်းများစွာ လူထုနှင့် အမြဲတမ်း နီးကပ်နေပြီး လိုအပ်ချက်များကို တတ်နိုင်သည့်ဘက်မှ မညည်းမညူ ကူညီခဲ့ခြင်း၊ လူအများလေးစားရသည့် ခေါင်းဆောင် ဖြစ်ခြင်းတို့ကြောင့် စံပြဆုရှင်အဖြစ် ရွေးချယ်ရန် ၀ိုင်းဝန်းထောက်ခံ တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိ အမျိုးသမီးများ ဦးဆောင်မှုအပိုင်းနှင့် ပတ်သက်ပြီး "အကန့်အသတ်တွေတော့ အများကြီး ရှိနေသေးပါတယ်။ နိုင်ငံရေးအရ ဦးဆောင်မှုမှာ ပါဝင်နိုင်ဖို့ လူမှုအသိုင်းအဝိုင်းကြီးက တွဲခေါ်ပေးမှုအားနည်းတယ်၊ အမျိုးသမီးတွေကို လူမှုရေး အဝန်းအဝိုင်း ကိစ္စတွေမှာသာ ပါဝင်စေမှု များပါတယ်။ ဦးဆောင်မှုရှိလာတဲ့ အမျိုးသမီးတွေကိုလည်း အမျိုးသမီးတွေ အချင်းချင်း အပြန်အလှန်ပံ့ပိုး ကူညီမှု လိုအပ်သလို ဝန်းရံပေးဖို့လည်း လိုအပ်နေပါတယ်။ တချို့ ဦးဆောင်တဲ့ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ကို ပံ့ပိုးပေးတဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ၊ ချန်ထားမှုတွေ ရှိနေသေးတယ်။အမျိုးသမီးတွေက နိုင်ငံရေး ကဏ္ဍမှာ ပိုပြီး နိုးကြားတက်ကြွစွာ ပါဝင်လာဖို့ လိုနေသေးတယ်လို့ မြင်မိတယ်။ အမျိုးသမီးတွေ ပိုပြီး ကြိုးစားဖို့လိုအပ်ပါတယ်။" ဟု စံပြဆုရှင် နော်လေးဒီက ပြောသည်။

ဆုရရှိသူများအပေါ် ထိုင်းအာဏာပိုင်များအနေဖြင့် ဂုဏ်ယူကြောင်းနှင့် မဲဆောက်ရောက် အမျိုးသမီးများကို ထိုင်းအမျိုးသမီးများ၊ ထိုင်းအစိုးရဆိုင်ရာ အမျိုးသမီးဌာန၊ ထိုင်းအာဏာပိုင်များ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ မြန်မာအမျိုးသမီးများ အတူတကွ ပူးပေါင်းပြီး အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို အပြန်အလှန်ကူညီပေးရန်နှင့် အကြမ်းဖက်မှု လျှော့ချရန် မဟာမိတ်လုပ်ငန်းများတွင် အတူတူ အလုပ်လုပ်နိုင်မည်ဟု ထင်မြင်ကြောင်း သိရသည်။

အမျိုးသမီးတိုင်းသည် တီထွင်ဖန်တီးတတ်သော ပင်ကိုယ်စိတ်ရှိပြီးသားဖြစ်၍ အားလုံးပူးပေါင်းပြီး ကဏ္ဍအသီးသီးမှာ တိုးတက်အောင် ဦးဆောင်လုပ်သည့်သူ ဖြစ်သည့်အတွက် 'အမျိုးသမီးအင်းအားဖြင့် အနာဂါတ်ကို တည်ဆောက်မယ်' ခေါင်းစဉ်ကို ယခုနှစ် မဲဆောက်တွင် ပြုလုပ်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ရွေးချယ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ထိုင်းအာဏာပိုင်များ၊ ထိုင်း အမျိုးသမီးရေး လှုပ်ရှားသူများ၊ နိုင်ငံတကာ NGO များ၊ မြန်မာ - ထိုင်း လူထု အခြေပြု အဖွဲ့အစည်း (CBO) များနှင့် မြန်မာအမျိုးသမီးအဖွဲ့များ စုပေါင်း၍ ဦးဆောင်ကျင်းပခဲ့ပါသည်။ လူပေါင်း ၄၀၀ ကျော်တက်ရောက်ပြီး ရွှေ့ပြောင်းမြန်မာအမျိုးသမီးများ၊ တာ့ခ် အမျိုးသမီး အင်အားစုများ၊ လူငယ်များနှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရပါသည်။

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A588707&xgs=1&xg_source=msg_share_post

No comments: