Pages

Beautiul_Myanmar

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, November 6, 2013

နေရောင်ခြည်၏ အရိုးစု

ငါ့ဟင်းလင်းပြင်ထဲ
မောဟတွေ ဒုန်းစိုင်းဝင်လာပြီ။

ပြီးခဲ့တဲ့သီချင်းများအတွက်
တစ်ယောက်မျက်လုံးကို တစ်ယောက် ချောင်းကြည့်ကာ
အံ့သြမိရဲ့။
လက်ဖ၀ါးပေါ်က အရေးအကြောင်းများကို
ယုံကြည်ရင်ခုန်ဖို့
မသေချာမှုတွေထင်ရှားဖို့
စာရိတ္တအဟောင်းကို လဲလှယ်ပစ်ဖို့
ကိုယ့်ကိုယ်ကို တာဝန်သိခဲ့၊
မမြင်နိုင်တဲ့ အမှားအယွင်းများကြောင့်
ရခဲ့ဖူးတဲ့ နောင်တတွေကို
တမင် မေ့လျော့ပစ်ခဲ့၊
လူ့အဖြစ်ရဲ့ ဟာသတချို့မှာ
လွှတ်ခနဲ အသိဉာဏ်တွေရှိတယ်။

စနစ်တကျ. . .ဟုတ်လား
ငါတို့ရဲ့ ဆင်ခြေဟာ
စည်းကမ်းမဲ့ခဲ့ပြီ။

ဟိုးရှေ့ဆီက စိမ်းစိုမှုအရောင်များ
ပညာရှိတစ်ယောက်ရဲ့ စာမျက်နှာ
သင်တို့လည်း ဒုက္ခနဲ့ပျော်ရွှင်ဖူးမယ်။

ဟေ့. . .သူစိမ်း
ဒီအရပ်မှာ
အလင်းရောင်များလှချည့်လား။ ။
ဝေမှူးသွင်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာကဗျာစာအုပ်မှ)


http://literaturisms.blogspot.com/2007/03/blog-post_3231.html 

Friday, May 10, 2013

အချစ်ဆိုင်

ဦးချစ်က ဈေးသည်
ချစ်တတ်သူတွေက ဈေးဝယ်။
ကျောင်းချိန်အားရင်
အနားမနေ
သူကလေးတို့အကြောင်း
ဝိုင်းဖွဲ့ပြောကြ
ဝမ်းလည်းဖြည့်ရင်း
မေတ္တာကိစ္စ နှီးနှောခြင်း။
ကြည်နူးကျေနပ်ဖွယ်
ကံ့ကော်တောက လက်ဖက်ရည်ဆိုင်ကလေး..။

အောင်ပြည့်


▣ http://newworldmyanmar.blogspot.com/2013/05/blog-post_4512.html

Monday, April 23, 2012

မင်းတကိုယ်ထဲလျှောက်ပေတော့ ( ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်။ )

မင်းတကိုယ်ထဲလျှောက်ပေတော့

  
“မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။
”ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့”။

“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့”။
“မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့”။
တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။
 
http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A594937&xgs=1&xg_source=msg_share_post