Pages

Beautiul_Myanmar

Showing posts with label အင်းတာဗျူး. Show all posts
Showing posts with label အင်းတာဗျူး. Show all posts

Thursday, September 22, 2011

“ကိုယ့်အတ္တနဲ့ယှဉ်ပြီး လူထုဒုက္ခရောက်မယ့်အလုပ် မလုပ်စေချင်ဘူး”

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအား စာရေးဆရာများ၊ စာနယ်ဇင်းသမားများ၊ ကဗျာဆရာများ၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင်များနှင့် နားလည်သည့် လူထုက ကန့်ကွက်လျှက် ရှိချိန်တွင် ကာတွန်း ဟာဂျူလီ (ကသာ) သည်လည်း မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်သည့် ကာတွန်းများ ဆက်တိုက် ရေးဆွဲကာ ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြလျှက် ရှိသည်။ ကာတွန်း ဟာဂျူလီ (ကသာ) သည် မြစ်ကြီးနား အောက်ဘက် ကသာမြို့နယ် ဧရာဝတီ မြစ်ကမ်းနံဘေးတွင် နေထိုင်သူ ဖြစ်သည်။ ဧရာဝတီမြစ်၏ အပြောင်းအလဲများကို မျက်မြင် ကိုယ်တွေ့ ကြုံနေရသူ ဖြစ်သောကြောင့် ၎င်းတတ်မြောက် ထားသည့် ကာတွန်းပညာ အသုံးပြုကာ ဧရာဝတီမြစ်ကို တတ်အားသရွေ့ ကာကွယ် ချင်သည်ဆိုသော ကာတွန်းဟာဂျူလီ (ကသာ) အား ဧရာဝတီ မဂ္ဂဇင်း သတင်းထောက် အေးချမ်းမြေ့က ဆက်သွယ် မေးမြန်း ထားပါသည်။

harKyuli
ကာတွန်း ဟာဂျူလီ (ကသာ)
ဟာဂျူလီ (ကသာ) သည် မြန်မာ စာနယ်ဇင်းများတွင် ကာတွန်းများကို အနှစ် ၂၀ ကျော် တောက်လျှောက် ရေးဆွဲခဲ့ပြီး လက်ရှိလည်း ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဆောင်းပါးများအား ဂျာနယ်များတွင် ရေးသားနေသူ ဖြစ်သည်။

မေး။     ။ ဧရာဝတီ မြစ်ကမ်းနံဘေး ကသာမြို့မှာ နေနေတဲ့ ကာတွန်းဆရာ တယောက်အနေနဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ နားလည်ထားလဲ။

ဖြေ။     ။ ကသာက ဧရာဝတီရဲ့ မြစ်ဖျားကိုး၊ မြစ်ကြီးနား မြစ်ဆုံနဲ့ ဘာမှမဝေးဘူးလေ။ မြစ်ကြီးနားမှာ ဒီနေ့ရေကြီးရင် နောက်နေ့ ကသာမှာ ရေကြီးမှာ။ မြစ်ကြီးနား ဒုက္ခရောက်ရင် ကသာ ဒုက္ခရောက်မယ်။ ဧရာဝတီ မြစ်ဝှမ်းတလျှောက်မှာ နေတဲ့သူတွေ ဒုက္ခရောက်ကြမယ်၊ လူတွေ သေကြမယ်။ ဒါ ဖြစ်နိုင်တဲ့ဟာပေါ့။ ဒီဆည်ကြီးရဲ့ အမြင့်ပေနဲ့ အကျယ်က နည်းတာ မဟုတ်ဘူး၊ မြစ်ရေရဲ့ ၇ ရာခိုင်နှုန်းပဲ သုံးမယ်လို့ ဝန်ကြီးကပြောပေမယ့် ဒါ မသေချာဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရေစီးရေလာတွေ ပြောင်းသွားမယ်၊ ရေစူး တိမ်သွားမယ်၊ တချို့နေရာတွေဆို ကောသွားမယ်၊ တချို့ဆို မြစ်ကြောင်း ကျဉ်းသွားမယ်၊ ကျနော်တို့ အထက်ပိုင်း ဗန်းမော်တို့၊ ကသာတို့ ဆိုတာက မြစ်ကိုအားကိုးပြီး ရေကြောင်းခရီး သွားနေကြရတာကိုး။ သင်္ဘောတွေ၊ မော်တော်တွေ မသွားနိုင်ရင် ကျနော်တို့ အထက်ပိုင်းက လူတွေ ဒုက္ခရောက်မယ်။

Harqli01ဒါပေမယ့် အမှန်အတိုင်းပြောရရင် အဲဒီလို ဒုက္ခရောက်နိုင်တာတွေကို ဒီအထက်ပိုင်းက လူထုက မသိဘူး၊ နားမလည်ကြဘူး။ စားဝတ်နေရေး လုံးပန်းနေရတော့ အဲဒီလောက်ထိ မတွေးနိုင်ကြဘူး။ အဲဒါကြောင့် ကျနော်တို့ မီဒီယာကနေ ဒါကို ပြောရမယ်။ မီဒီယာ ဆိုတာက အထက်ပိုင်းမှာရှိတဲ့ ကာတွန်းဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ စသည်ဖြင့်ပေါ့။ သူတို့က တတ်နိုင် သလောက် စည်းရုံးရမယ်။ ဒါကြီးဖြစ်သွားရင် ဘာဖြစ်လာနိုင်တယ်ဆိုတာ လှုံ့ဆော်ရမယ်။ ကျနော်တို့ အထက်ပိုင်းမှာ ဒါလေးတွေ ဗဟုသုတ ပြောဖို့ နည်းနေသေးတယ်။ ကျနော်ကတော့ အဲဒါကို တတ်နိုင်သလောက် ပြောတာပေါ့။ စားဝတ် နေရေး ကျပ်တည်း နေတော့ ဗဟုသုတအရာမှာ အတော်အားနည်းတယ်။ သူတို့မှာစိုးရိမ်စရာ ရှိနေတယ်ဆိုတာကို သဘောမပေါက်ကြဘူး။ ဒီကောင်ကြီးက အန္တရာယ်ရှိတယ်၊ အထက်ပိုင်းကလူတွေအတွက် ပိုပြီး အန္တရာယ်က နီးတယ်။ ဒါကို သူတို့သိအောင် ပြောရမယ်၊ စည်းရုံးရမယ်၊ ရေးသားရမယ်ပေါ့ဗျာ။

နောက်တချက်က  ဒီမြစ်ဆုံ စီမံကိန်းကိစ္စ ပြောတယ်၊ ဆိုတယ်၊ ရေးသားနေတယ် ဆိုတာ အမျိုးသားအရေး အတွက် ပြောတာ၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတာကို လူထု သဘောပေါက်အောင် ပြောဖို့ အရေးကြီးတယ်။ အားလုံးဝိုင်းကြ ဝန်းကြဖို့ လိုတယ်။

မေး။     ။ မြစ်ဆုံ ကာတွန်းတွေကို facebook ပေါ်မှာပဲ တင်တာလား။ ပြည်တွင်းက ဂျာနယ်တွေမှာ၊ မဂ္ဂဇင်းတွေမှာကော ဖော်ပြလို့ မရဘူးလား။

ဖြေ။     ။ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ဖော်ပြလို့မရပါဘူး။ ကျနော့် facebook မှာပဲတင်တာပါ။ အဲဒီက တဆင့်ယူသုံး ကြတာတော့ ကျနော်လည်း မတတ်နိုင်ဘူးပေါ့။ ဒီလို လူမှုကွန်ရက်တွေ ပေါ်လာတော့ အလုပ်လုပ်ရတာ ပိုကောင်းလာတယ်။ ကျနော်ဆို ကာတွန်းရေးလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ဒီဘက်နောက်ပိုင်းမှာဆို နည်းနည်းလေး တွေးစရာပါလာရင် အဖြုတ်ခံရတာပဲ။ အဲဒါကြောင့် ကျနော် ကာတွန်း မဆွဲချင်တော့ဘူး။ စိတ်ပျက်ပြီး ကာတွန်းမဆွဲတာတောင် ကြာပြီ။ ဒါပေမယ့် အခုနောက်ပိုင်း facebook လိုမျိုးတွေ ပေါ်လာတော့ ကျနော် ကာတွန်းဆွဲဖြစ်တယ်။ နေ့တိုင်းလိုလိုကို ဆွဲဖြစ်ပါတယ်။ ဒီဟာတွေ ပေါ်လာတာကို ကျေးဇူးတကယ် တင်တယ်၊ လွတ်လပ်တဲ့ နေရာလေး တခုလို ခံစားရတယ်။

မေး။     ။ ဧရာဝတီ မြစ်ဘေးမှာ နေပြီး ဒီအကြောင်းကို မြင်နေ၊ တွေ့နေ၊ ပိုသိနေတဲ့ လူတယောက် အနေနဲ့ ဒေသခံ လူထုက ဒီဧရာဝတီ မြစ်ဆုံဆည် ကိစ္စ အရေးကြီးတယ် ဆိုတာ ပိုသိလာဖို့ ဘာတွေလုပ်နိုင်မယ် ထင်သလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ လက်ဖက်ရည်ဆိုင်ပဲ ထိုင်ထိုင်၊ ဘယ်မှာပဲ ထိုင်ထိုင် ဒီစကားပြောဖြစ်တယ်။ ဘယ်လောက်ထိ အန္တရာယ်ဖြစ်နေပြီ၊ ဒါကြီးပြီးသွားရင် ငါတို့ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာတော့ တတ်နိုင်သလောက် ပြောနေပါတယ်။ ကျနော်တို့ စာရေးဆရာ၊ ကာတွန်းဆရာတွေ ဆိုတာကလည်း အပေါင်းအသင်းက နည်းနည်း ကျယ်ပြန့်တာကိုး။ အဲဒီတော့ ကိုယ် နိုင်သလောက်လေးတွေ ပြောရင်းနဲ့ လူတွေ အများကြီး သိသွားနိုင်တယ်။ အဲဒါကြောင့် ဒီဘက် အထက်ပိုင်းမှာ ရှိတဲ့၊ ဒီဘက် ထီးချိုင့်၊ ရွှေဘို၊ ဗန်းမော်၊ ကသာ၊ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေကိုလည်း ပြောချင်တယ်၊တတ်နိုင်သလောက် ဒီ ဧရာဝတီ မြစ်ဆုံဆည် အကြောင်း ကိုယ့်လူထုကို ပြောကြစမ်းပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။     ။ အခုက မြစ်ဆုံဆည် ဆောက်တော့မယ်ဆိုပြီး ကန့်ကွက်တဲ့သူတွေ များလာတယ်၊ သိတဲ့သူလည်း ပိုများလာတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးပေါ်မှာ တံတားတွေ အများကြီးဆောက်တာတို့၊ ရွှေကျင်တာတို့၊ မြစ်ဘေးက သစ်တောတွေ ခုတ်တာတို့ကြောင့် မြစ်က စပျက်စီးနေပြီမဟုတ်လား။ သာမန် လူတယောက်အနေနဲ့ ထင်သာမြင်သာရှိတဲ့ ဒီ ဧရာဝတီမြစ်ရဲ့ အပြောင်းအလဲ တွေကို သိသလောက် ပြောပြနိုင်မလား။

ဖြေ။     ။ အပြောင်းအလဲတွေက အများကြီးပဲ။ ဂျာနယ်တွေမှာလည်း ကျနော် ဆောင်းပါးတွေ ရေးဖူးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် တနှစ်တည်းမှာ ဧရာဝတီလင်းပိုင် ၆ ကောင်သေတယ်။ လင်းပိုင် သေရခြင်းအကြောင်းရင်းကို ရှာဖွေပြီးရေးခဲ့ပါတယ်။ ဒီ လင်းပိုင်တွေက ကျောက်မြောင်းနဲ့ ရွှေဘိုကြားမှာနေတာ။ ဧရာဝတီမှာပဲ နေကြတာ။ နိုင်ငံခြား သားတွေ လာလာကြည့်ရတဲ့ အကောင်တွေပေါ့။ အဲဒီကောင်တွေ သေတဲ့အချိန်က ဆင်းခန်း ဆိုတဲ့ရွာကနေ ဧရာဝတီ မြစ်ကူးတံတား ဆောက်နေတာ၊ ဗန်းမော် - ကသာ ရထားလမ်း ဖောက်နေတဲ့ အချိန်ပေါ့။

လင်းပိုင်သေရခြင်းက အများကြီးရှိတယ်။ အသံဆူညံမှု ကြောင့်လည်း သေနိုင်တယ်၊ ရေအပြောင်းအလဲ၊ အပူအအေး ကြောင့်လည်း သေနိုင်တယ်၊ ရေထု ညစ်ညမ်းမှုကြောင့်လည်း သေနိုင်တယ်၊ ကျနော်တို့က ဘာကြောင့်သူတို့သေတယ် ဆိုတာ ရှာနိုင်မှ ဧရာဝတီမှာ ဘာတွေပြုပြင်သင့်တယ် ဆိုတာသိမယ်။ ကျနော်အဲဒါတွေ ရေးပေမယ့် ဘယ်သူကမှလည်း မပြင်ကြပါဘူးဗျာ။ နောက် ရွှေကျင်နေတဲ့သူတွေသုံးနေတဲ့ ဆိုင်ယာနိုက် ပေါ့ဗျာ။ အဲဒါ အင်မတန်ပြင်းတဲ့အဆိပ်ပဲ။ ဆိုင်ယာနိုက်သုံးပြီး ရွှေဖမ်းတဲ့ကိစ္စတွေ ကျနော်တို့ တလျှောက်လုံး ရေးလာတယ်။ ၁၀ ပုဒ်မှာ တပုဒ်လောက်တော့ ဖော်ပြခံရတယ်ပေါ့။ ဒါပေမယ့် ပြုပြင်တာတော့ ဘာမှ မရှိပါဘူး။ ကျနော် တော်တော်လေး ရေးခဲ့ဖူးပါတယ်။

ဧရာဝတီကနေ ရေလမ်းနဲ့လာတော့ သင်္ဘောပေါ်မှာ ဒိန်းမတ်နိုင်ငံသား တယောက်နဲ့ ကျနော်တွေ့တယ်။ သူပြောသွားတာ လေးက တော်တော်လေး သတိထားဖို့ ကောင်းတယ်။ သူပြောတာက သူတို့ ဒိန်းမတ်မှာ အရင်က မြစ်တခုရှိတယ်။ အခု ဧရာဝတီလိုပဲတဲ့၊ အဲဒီမြစ်ကို မထိန်းသိမ်းခဲ့လို့ မြစ်ကောသွားတယ်၊ ရေချိုးဖို့တောင် မြစ်က မကျန်တော့ဘူး။ ဒါပေမယ့် ဒီမြစ်ကြီးကို အခု ပြန်ထိန်းသိမ်းနေပြီ ပြုပြင်နေပြီ၊ နောက်နှစ်ပေါင်း ၂၀၊ ၃၀ လောက်ဆို အရင်အတိုင်း ပြန်မြင်ရတော့မယ်တဲ့။ အဲဒါလည်း ကျနော်ရေးဖူးတယ်။

နောက်တခု ဧရာဝတီမှာ ဖြစ်နေတာက လောင်စာ သင်္ဘောတွေပေါ့။ ကသာကနေ အထက်ပိုင်းကို သွားနေတာတွေ။ ကသာမှာ ဆီသိုလှောင်တဲ့နေရာရှိတယ်။ အဲဒီကို ဆီသင်္ဘောတွေ အများကြီးပဲဝင်တယ်။ အဲဒီတော့ မြစ်ပြင်မှာ ဆီယိုဖိတ်မှုတွေပေါ့၊ မြစ်ထဲမှာ ဆီတွေကို ပွနေတာပဲ။ ဧရာဝတီမြစ် ကမ်းနားတလျှောက်ဆိုရင် ဆီဝေ့နေလို့ အဝတ်လျှော်လို့တောင် မရဘူး။ ညစ်ပတ်နေတယ် ပေါ့ဗျာ။ အဓိကက သွားလာနေတဲ့ ကုမ္ပဏီသင်္ဘောကြီးတွေ ကြောင့်ပေါ့။ သူတို့ စည်းကမ်းမရှိလို့ပေါ့။

ကျနော်တို့ မြစ်ရေကတော့ သောက်ရေအဖြစ်က မသုံးသလောက်ကို ရှိသွားပြီ။ အရင်ကတော့ သောက်တယ်။ အခုတော့ သုံးရေလောက်ပဲ၊ နောက်တော့ ချိုးတယ်။ ဧရာဝတီမြစ်ကမ်းတွေမှာ အဝီစိတွင်းတူးတယ်၊ အဲဒီရေကိုတော့ သုံးတယ်ပေါ့။

မေး။     ။ အခုန ပြောသွားတာက သဘာဝပတ်ဝန်းကျင် အနေနဲ့ ထိခိုက်မှုတွေဆိုရင်၊ လူမှုဘဝ ထိခိုက်မှု အနေနဲ့ကော။ ဘာတွေရှိလဲ။

ဖြေ။     ။ လူမှုရေး အခက်အခဲတွေ ရှိတာပေါ့။ ရေလမ်းပေါက်နေတဲ့ နေရာ ရေလမ်း မပေါက်တော့ဘူးဆိုရင် ဒါက အခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် ဒါတွေက နယ်စွန်နယ်ဖျားမှာ ဖြစ်နေတယ်၊ ဧရာဝတီမြစ်ဘေးမှာတော့ ဒါမျိုး သိပ်မရှိသေးဘူး၊ လူသိပ် မသိသေးဘူး။ နောက်တခုက ကမ်းပါးပြိုတာပေါ့။ ကမ်းပါးပြိုလို့ ရွာတွေပါသွားတာ ကျနော်တို့ ကသာ ပတ်ဝန်းကျင်မှာ နှစ်တိုင်းလိုပဲ။ ပြီးခဲ့တဲ့ နှစ်ကဆို ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ ပါသွားတယ်။ အဓိကကတော့ မြစ်ကြောင်းတွေ ပြောင်းကုန်တာကြောင့်ရယ်၊ ထိမ်းသိမ်းမှု အားနည်းလို့ရယ်ပေါ့။ နောက် သစ်တောတွေ ပြုန်းကုန်လို့။ ရွှေကျော ရှာနေတဲ့ သူတွေဆိုရင် ဧရာဝတီ မြစ်ထဲက ရေတွေကို ရေစုပ်စက်ကြီးတွေနဲ့ တောင်ပေါ် ဆွဲယူတယ်။ တောင်ပေါ်မှာ မျှောစိုက်တယ်။ အဲဒီတော့ တောင်ကမ်းပါးရံ မှာ ရှိနေတဲ့ မြေတွေ၊ သစ်ပင်တွေအကုန်လုံး မြစ်ထဲပါသွားတယ်။ အဲဒီမှာ မြစ်ကြောင်းတွေ ပြောင်းကုန်တယ်။ တခြားနေရာမှာ မြေပြိုတာတွေ ဖြစ်ကုန်တယ်။ ဒါတွေက မြင်နေရတာပဲ။ ဘယ်သူမှလည်း ဒါတွေကို မတားပါဘူး။ ဒါတွေက နှစ်တိုင်း ဖြစ်နေတာပါ။

Harqli02ကျနော့်အနေနဲ့ မြစ်ဆုံဆည် ဆောက်နေတဲ့ နေရာကိုတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေ ပြောနေတာတွေ ကြားရတယ်၊ ဖတ်ရတယ်။ ဒီဧရာဝတီမြစ်ဘေးမှာ နေနေတဲ့သူဆိုတော့ ကြားတာနဲ့တင် ကြက်သီးထတယ်။ ပုံမှန်အချိန် မိုးကြီးတဲ့ ရာသီမှာတောင် ဒီနေ့ မြစ်ကြီးနားမှာ ရေကြီးရင်၊ နောက်နေ့ ကသာမှာ ရေကြီးတာလေ။ ဒီနေ့ ဟိုမှာ ရေကျရင် နောက်နေ့ ကသာမှာ ရေကျတယ်။ အဲဒီတော့ ဒီ ရေလှောင်ကန်ကြီး တခုခုဖြစ်လို့ မြစ်ကြီးနား ရေမြုပ်ရင် နောက်နေ့ ကသာမှာ ရေမြုပ်မှာပဲ။ ဒုက္ခရောက်ကြဦးမယ်။

ကျနော်ကတော့ ဆည်ကိစ္စနဲ့ ပတ်သက်ရင် တတ်နိုင်သလောက် ကိုယ်တတ်တဲ့ ပညာနဲ့ တားဆီးသွားမယ်လို့ ဆုံးဖြတ် ထားတယ်။

မေး။     ။ တဦးချင်းအနေနဲ့ တတ်နိုင်သလောက် လုပ်တဲ့အပြင် ဒီ ဧရာဝတီမြစ်ဆုံဆည် ကန့်ကွက်နေတဲ့ အဖွဲ့တွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလဲ။ ဒေသခံတွေကို ပညာပေးတာမျိုးကအစ ဘာတွေ လုပ်နိုင်မယ်ထင်လဲ။ ဘယ်လို ဖြစ်စေချင်လဲ။

ဖြေ။     ။ မြစ်ဆုံဆည် ကန့်ကွက်တဲ့ အဖွဲ့တွေနဲ့ ကျနော်နဲ့က နည်းနည်းတော့ အဆက်ပြတ် နေတယ်ဗျ။ ဒါပေမယ့် တခါတော့ သူတို့ ကသာကို လာတယ်။ သူတို့နဲ့ ကျနော်နဲ့ တွေ့တယ်။ တကယ်တမ်း လူထုကို တန်ဖိုးရှိရှိ ထိထိရောက်ရောက် ပညာပေး တာမျိုးတော့ ဖြစ်စေချင်တယ်ဗျာ။ အပျင်းပြေ လင်းပိုင်ကြည့်ရုံ သက်သက်ထက် ထိထိရောက်ရောက်နဲ့ ဒေသခံတွေကို ပညာပေးစေချင်တယ်။ လက်ကမ်းစာစောင်တွေ ဝေမယ်၊ ဟောပြောမယ် ဆိုတာမျိုးပေါ့ဗျာ။ တကယ်ဖြစ်နေတဲ့ ဟာတွေကို ရေးပြီး မော်တော်ပေါ်မှာ ပြောမယ်၊ စာကပ်မယ်ပေါ့။ အဲဒါမျိုးတွေ လုပ်စေချင်တယ်။

အဲဒီတုန်းက သူတို့အဖွဲ့လာတုန်းကဆို ရုပ်ရှင်မင်းသား ရဲတိုက် ပါတယ်ဗျ။ ရဲတိုက်ဆိုရင် နယ်တွေက၊ ရွာခံတွေက အရမ်းကို သဘောကျ နေကြတာ။ အဲဒီတော့ ရွာတွေမှာ ရဲတိုက်ရဲ့ မျက်နှာ ပြမယ်ဗျာ၊ သူတို့ လွယ်လွယ်ကူကူ လိုက်နာလို့ရမယ့် အချက်ကလေးတွေကို ပြောပြမယ်ဆိုရင် ပိုထိရောက်မယ် ထင်တယ်ဗျ။ ပရိသတ် သိတဲ့သူ တယောက်ယောက်က ပြောရင် ပိုထိရောက်မှာပေါ့ဗျာ။ ဥပမာ - ကျနော်ပြောတယ် ဆိုရင် အခွန်း ၁၀၀ ပြော၊ တခွန်း နားထဲရောက်ဖို့ မလွယ်ဘူး။ ဒါပေမယ့် သူတို့လို နာမည်ရှိတဲ့သူ တယောက်က ပြောလိုက်ရင် တခွန်းပြော၊ တခွန်း နားထဲကို ဒိန်းကနဲ ရောက်မယ်လေ။ အဲဒီတော့ သူတို့နဲ့ ပူးပေါင်းနိုင်ရင် ပိုကောင်းမယ်။ ကျနော်တို့ ဒေသခံ မီဒီယာ သမားတွေကလည်း တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်မယ်၊ ကူညီပေးမယ်၊ သူတို့ကလည်း အဲဒီလို နာမည်ရှိပြီး ပရိသတ် သိတဲ့သူမျိုးတွေနဲ့ ပညာပေးမယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ။

မေး။     ။ ကာတွန်းဆရာ တယောက်၊ မြစ်ကမ်းဘေး မြစ်ညာက ဒေသခံ တယောက်အနေနဲ့ အာဏာပိုင်တွေကို တခုခု ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်လဲ။

ဖြေ။     ။ ကျနော် ပြောချင်တာ ရှိတယ်ဗျ။ ကမ္ဘာမှာ ထင်ရှားတဲ့မြစ်ကြီးတွေ ရှိတဲ့ထဲမှာ ဒီ ဧရာဝတီမြစ်ကြီးလည်း ပါတယ်။ မြစ်တစင်းက တနိုင်ငံလုံးနဲ့ သက်ဆိုင် နေတယ်ဆိုတာ ဒီ ဧရာဝတီပဲ ရှိတာ။ ဒီတော့ ဒီဧရာဝတီမြစ်ကြီးက တန်ဖိုးရှိတယ်၊ ကျနော်တို့ မြန်မာတွေ ဂုဏ်ယူရတဲ့ မြစ်ကြီး။ ဒါကို ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် ထိမ်းရမှာ။ ဒါကို အမျိုးသားအကျိုးစီးပွား ဆိုတာနဲ့ ဗန်းပြ ကိုင်ပေါက်ပြီး ပြောနေတာကတော့ ကျနော်တို့ လက်သင့်ခံလို့မရဘူး။

သူတို့က အမျိုးသား အကျိုးစီးပွားလို့ ပြောတယ် ဆိုရင် လူထုက ဘယ်လောက်အထိ အကျိုးစီးပွား ရှိမှာလဲ။ တကယ်တမ်း သူတို့ ပြောသလို ဆိုရင် ကျနော်တို့က ၂၀ ရာခိုင်နှုန်းပဲ ရမှာလေ၊ တရုတ်ကြီးက ၇၀ ရာခိုင်နှုန်းယူသွားမှာ။ ဒါကြီး အောင်မြင်သွားရင် တိုင်းပြည်က တိုးတက်သွားမလား၊ ဖွံ့ဖြိုးသွားမလား၊ ခေတ်မီ နိုင်ငံတော်ကြီး ဖြစ်သွားမလား၊ မဖြစ်ပါဘူး။ နောက်ဆုံးတော့ ဒီကရတဲ့ အသီးအပွင့်က ဘယ်သူတွေစားရမလဲ၊ ဒါတွေ လူတိုင်းလည်းသိနေတာပဲ။

ကျနော်တို့ လုပ်နေတာ နိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသားရေး ဆိုတော့ မောင်နီအစိုးရ ဖြစ်စေ၊ မောင်ဖြူ အစိုးရဖြစ်စေ လူထု အန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်မျိုးကို ပြောရမှာပဲ။ အဲဒီလို ပြောတဲ့နေရာမှာ နိုင်ငံရေး လုပ်နေတယ်ဆိုပြီး လက်ညှိုး မထိုးစေချင်ဘူး။ မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ အန္တရာယ်ဖြစ်လာရင် NLD လည်း ဖြစ်မှာပဲ၊ ကြံ့ခိုင်ရေးလည်း ဖြစ်မှာပဲ၊ စစ်တပ်လည်း ဖြစ်မှာပဲ၊ KIO၊ KIA လည်းဖြစ်မှာပဲ။ ဒါ အမျိုးသားအားလုံးနဲ့ ဆိုင်တယ်။ မြစ်ဆုံ စီမံကိန်းကြီး ပျက်သွားလို့လည်း ဒီအစိုးရ ပြုတ်ကျ သွားမှာမဟုတ်ပါဘူး။ ဒါကို ဘာလို့လုပ်ချင်နေရတာလဲ။

ကျနော်ပြောချင် တာကတော့ ကိုယ့်အတ္တနဲ့ယှဉ်ပြီး လူထုဒုက္ခရောက်မယ့် အလုပ်မျိုးတွေ မလုပ်ကြဖို့ တောင်းပန်ချင်တာပါ။ ဒါပါပဲ။ အမျိုးသားအကျိုးစီးပွား မဟုတ်ဘဲ၊ တရုတ် အကျိုးစီးပွားပဲ ဖြစ်တဲ့အတွက်၊ လူထုဆန္ဒကို တောင်းဆိုနေတာ ဖြစ်တဲ့ အတွက် ဒါကိုတော့ လက်လျှော့ပေးပါလို့ ပြောခွင့်ရှိမယ်ဆိုရင် ပြောချင်တယ်ဗျာ။     ။

Friday, September 16, 2011

မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ

Thursday, September 15, 2011  Khet Htan 






(ကွန်ပြူတာနဲ့ ရေးဆွဲထားတဲ့ မြစ်ဆုံ ရေကာတာ။ ပုံ - လွမ်းနိုင်ထူး ဘလော့ဂ်)



(VOA သတင်းဌာနမှ ကူးယူဖော်ပြပါတယ်။)

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေကာတာများရဲ့  အကျိုးဆက်ဆိုင်ရာများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးညိုမောင်၊ ကာတွန်းဆရာ အော်ပီကျယ်တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံထဲက အထင်ကရ ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ကြားလာရတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးတပါးက ဒီကိစ္စကို သူတို့ဘာပဲဖြစ်ဖြစ် ကန့်ကွက်တဲ့ကြားက ဆက်လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သူက ဒါကို ဧရာဝတီရောဂါ လို့တောင် ခေါ်လိုက်ပါသေးတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့  စိုးရိမ်မှု၊ စာနယ်ဇင်းသမားတွေရဲ့  ရေးသားမှုတွေနဲ့ ပတ်သက်ပြီ။ ဝန်ကြီးရဲ့  ကန့်ကွက်သံကို ကြားရတော့ ပထမဦးဆုံး ကာတွန်းဆရာ အော်ပီကျယ် ကို မေးချင်ပါတယ် ဘယ်လိုများ စဉ်းစားမိပါသလဲ။

အော်ပီကျယ် ။ ။ ဧရာဝတီရောဂါမှာ ကာတွန်းဆရာတွေတောင် သူပြောတဲ့အထဲမှာ ပါသေးပါတယ်။ ပြည်ထောင်စုဝန်ကြီး အတိုင်းအတာအရတော့ လုံးဝတောင် မပြောသင့်တဲ့အရာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူပြောတာက သူ့ကိုယ်သူ တော်တော်သိတယ်။ သူတို့လုပ်သင့်လုပ်ထိုက်တာ လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး ပြောလိုက်တာပါ။ အဲဒါ ဖတ်ပြီးပြီချင်း စိတ်က အတော်မကောင်းဖြစ်သွားတယ်။ ဒီလောက်လူမျိုးက ဝန်ကြီးလုပ်နေရင်တော့ တိုင်းပြည်တော့ ဒုက္ခပါပဲပုံစံမျိုးလောက် တွေးမိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား၊ ပါမောက္ခပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ဧရာဝတီ စီမံကိန်းကို ဝန်ကြီးက ဘာပြောသလဲဆိုရင် နိုင်ငံအတွက် အကျိုးရှိရင်တော့ ဆက်လုပ်ရမယ်။ ဒါက အမျိုးသားရေး အကျိုးစီးပွားဖြစ်တယ်လို့ ဆိုပါတယ်။ အခုန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ စာနယ်ဇင်းဆရာတွေ ကန့်ကွက်နေကြတာဟာ နိုင်ငံအကျိုးစီးပွားကို ထိခိုက်ရုံကလွဲလို့ ဘာမှမရှိဘူးလို့ ပြောပါတယ်။ အဲဒါ ဧရာဝတီမြစ်ဆုံ စီမံကိန်းဟာ အမျိုးသားရေး အကျိုးစီးပွား ဖြစ်ထွန်းမယ့်ကိစ္စလား။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ စိုးရိမ်တာက နိုင်ငံအကျိုးကိုပဲ ထိခိုက်မယ်ဆိုတာ မှန်ပါသလား။

ဦးညိုမောင် ။ ။ ကျနော်က ဧရာဝတီမြစ်ဆုံ နဲ့ မြစ်ကြီးနားအထက် ရေကာတာစီမံကိန်းမှာ တရုတ်ပညာရှင်တွေနဲ့ အတူတူလုပ်ခဲ့တဲ့ မြန်မာပညာရှင်တယောက်အနေနဲ့ ချိန်ဆလိုက်တဲ့အခါမှာ ဒီမြစ်ဆုံမှာ ရေကာတာဆောက်တာက စီးပွားရေးအရကြည့်ရင် တွက်ခြေကိုက်ပေမဲ့ ပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်တော့ ဒီနေရာဟာ မလုပ်သင့်တဲ့ နေရာဖြစ်တယ်လို့ ကျနော်တို့ရဲ့  အစီရင်ခံစာမှာလည်း အတိအကျ ပြောထားပြီးသား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးပြောတဲ့အထဲမှာလည်း သူတို့ဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဘယ်လောက်ရှိမလဲဆိုတာ သူတို့ကိုယ်တိုင် မလုပ်ပါဘူး။ သူတို့ တဘတ်သတ် ကိုယ့်သဘောနဲ့ကိုယ် လုပ်ရာဖြစ်မှာစိုးလို့ ဘန်ကာ (BANCA = Biodiversity and Nature Conservation Association) ဆိုတဲ့အဖွဲ့ကို ဒေါ်လာ တစ်ဒဿမ နှစ်ငါးသန်း ပေးပြီး တာဝန်ပေးခဲ့ပါတယ်။ ဘန်ကာအဖွဲ့က တစုံတရာ မကန့်ကွက်သလို ပြောနေတယ်။ အဲဒါကို ဆရာဘယ်လို မြင်ပါသလဲ။

ဦးညိုမောင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ ဘန်ကာအဖွဲ့က တွေ့ရှိချက်များကို report တင်ရပါတယ်။ Report ရေးသားတဲ့နေရာမှာလည်း ကျနော်ပါပါတယ်။ တခု ဒီနေရာမှာ ပြောချင်တာက report မှာ မြန်မာပညာရှင်တွေ ရေးတဲ့ report က သီးခြားပါ။ တရုတ်ပညာရှင်တွေရေးတဲ့ report က သီးခြားပါ။ မတူပါဘူး။ တရုတ်ပညာရှင်တွေရေးတဲ့ report ကို ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ မြန်မာပညာရှင်များရေးတဲ့ report မှာ ကျနော်တို့ အတိအကျ ပြောထားပါတယ်။ ဒီမြစ်ဆုံမှာ ရေကာတာကို မဆောက်သင့်တဲ့အကြောင်း ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေကလည်း သူတို့ရဲ့  မြစ်ဆုံဒေသကို သူတို့ရဲ့  heartland ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။ နောက်တခုကတော့ မြစ်ဆုံကို လုပ်မယ့်အစား မြစ်ဆုံရဲ့  အပေါ်ဖက် မေခ နဲ့ မလိခမှာ တခုစီ alternative နဲ့ လုပ်ပါလို့ အကြံပေးထားပါတယ်။ Sustainable development အတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာအော်ပီကျယ် … ဆရာဦးညိုမောင် ပြောတာကြားတဲ့အတိုင်းပါပဲ။ အစီရင်ခံစာ ရေးပြီးတော့ တင်ခဲ့တဲ့ ပညာရှင်တွေ ဝန်ကြီးကိုယ်တိုင် ကိုးကားပြီးပြောသွားတဲ့ ပညာရှင်တွေ အတိအကျ ကန့်ကွက်ခဲ့တာကိုတောင်မှ ဂရုမစိုက်ဘူး ပြောဆယ်ဆိုတော့ ဆရာအော်ပီကျယ်တို့ ကာတွန်းဆရာတွေ၊ စာနယ်ဇင်းသမားတွေ ကန့်ကွက်တာလောက်တော့ သူတို့က ပြောတော့မှာပေါ့။ ဆရာအော်ပီကျယ်တို့က ဘယ်အချက်ကို အခြေခံထား ကန့်ကွက်ပါသလဲ။

အော်ပီကျယ် ။ ။ ကျနော်တို့ ဧရာဝတီမြစ်က အထက်အပေါ်ဆုံးနားမှာ လုပ်ထားတော့ သူ့ရဲ့  ရေကာတာ အပေါ်ဘက်က လေ့လာစရာနည်းနည်းရယ်။ ကျနော်တို့ကတော့ မြစ်ကြီးရဲ့  အောက်ဘက် ပင်လယ်ထဲ ရောက်တဲ့အထိ လေ့လာရမှာ။ အဲဒီလေ့လာမှုကတော့ လေ့လာနေဆဲလို့ ဖတ်ရပါတယ်။ နောက် ဆရာစောစောကပြောသလို ဒီဟာက ဆည်ဆောက်သင့် မဆောက်သင့်ဆိုတဲ့ ကိစ္စအပြင် ထိခိုက်မယ့်ဟာတွေက social impact တွေလည်း ထိမှာပဲ။ နောက် ကျန်းမာရေးနဲ့ ပတ်သက်တာတွေလည်း ထိမှာပဲ။ နောက် ယဉ်ကျေးမှုအရလည်း တော်တော်ထိသွားမှာပဲ။ နောက် လူမျိုးရေးအရလည်း - ဒီဆည်ကြီးတခုလုံးရဲ့  ဧရီယာက ဆည်ဧရီယာအပါအဝင်က ကချင်ပြည်နယ်တခုလုံးရဲ့  ရာခိုင်နှုန်းတော်တော်များများကို ယူလိုက်မယ်ဆိုတော့ ဒီဆည်ကြီးကို ထိန်းသိမ်းမှု။ ဒီဆည်ကြီးကနေ လျှပ်စစ်ထုတ်ဖို့ကလည်း တရုတ်ကပဲ တာဝန်ယူမယ်။ သူတို့အလုပ်သမားတွေ၊ သူတို့ လမ်းတွေဖောက်မယ်။ ဒီလမ်းဖောက်တဲ့အတွက် မြေတွေ၊ သစ်တောတွေ ပျက်ဆီးမယ်။ အဲဒီတော့ တရုတ်က စီမံခန့်ခွဲရမှာ။ စီမံခန့်ခွဲတဲ့အခါမှာ ကချင်ပြည်နယ်တခုလုံးက တရုတ်ခြေရာတွေ ထပ်နေတော့မယ်။ အဲဒီလိုအချက်တွေလည်း အများကြီး လျှောက်ပြီး ဖတ်ဖြစ်ပါတယ်။ အဲဒီတော့ စိတ်ထဲမှာ ဒါကတော့ မလုပ်သင့်ဘူးဆိုပြီး တွေးမိတာပါ။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးဖြေသွားတဲ့အထဲမှာ ဘာတွေ့ရသလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ မီဂါဝပ် ၁၅၀၀ ပေးထားတာတောင် ကုန်အောင်မသုံးနိုင်ဘူးတဲ့ အဲဒါကို ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market သဘောအရ ရောင်းစားမှာပေါ့လို့ ဆိုပါတယ်။ ဆိုတော့ ဗမာပြည်မှာ သုံးစရာမရှိလောက်အောင် လျှပ်စစ်တွေက ပေါများနေပါသလား။

အော်ပီကျယ် ။ ။ အဲဒါကတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုကျော်ဇံသာ သိတဲ့အတိုင်း ကျနော်တို့ ဗမာပြည်ရဲ့  ရာခိုင်နှုန်းအများစုက လျှပ်စစ်မီး မရကြပါဘူး။ မရကြတဲ့အတွက် ကိုယ့်အားကိုယ် မီးစက်လေးတွေနဲ့ - ကိုယ့်အားကိုယ် မီးစက်လေးတွေဆိုတာကလည်း ဖြစ်သလိုလုပ်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပါတယ်။ နောက် စက်မှုဇုန်တွေ ဘာတွေမှာဆိုရင် လျှပ်စစ်ဓါတ် အပြည့်အဝ မရသေးပါဘူး။ လျှပ်စစ်ဝန်ကြီးက လျှပ်စစ်တွေ ပိုလျှံနေတယ်။ သုံးစရာမရှိဘူးလို့ ပြောတဲ့အချက်ကိုတော့ တော်တော်စိတ်ပျက်ပါတယ်။

ဦးညိုမောင် ။ ။ အခုန ဆရာအော်ပီကျယ် ပြောသွားတဲ့ အောက်ပိုင်း downstream impact ကို ကျနော့်ရဲ့  report ထဲမှာ ကျနော်ကိုယ်တိုင် ရေးထားပါတယ်။ အပေါ်ကလုပ်လို့ရှိရင် downstream ကို ထိမယ်ဆိုတဲ့ သီအိုရီ ရှိပြီသားပါ။ ရှိပြီသား ဖြစ်တဲ့အတွက် ကျနော့် report မှာ ရေးပါတယ်။ အပေါ်က ပိတ်လိုက်လို့ရှိရင် ဧရာဝတီရဲ့ အောက်ပိုင်းမှာ သင်္ဘောသွားလာဖို့ ရေနည်းသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အားလုံး ဆည် (၇) ခု ပိတ်လိုက်လို့ရှိရင် ရေလွှမ်းသွားမယ့် ဧက က တစ်သိန်းလေးသောင်းလေးထောင် ငါးဆယ် ရှိပါတယ်။ အဲဒီလောက် ဧကအတွင်းမှာ ရေကိုလှောင်ထားမှာဆိုတော့ အောက်ကို ရေစီးလာတာ နည်းမယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ သူတို့ပြောထားတာကတော့ Hydrology အရ ပြောထားတာကတော့ မိုးတွင်းမှာ ရေစီး ရေလာနည်းပြီး။ နွေမှာပိုများလာမယ်လို့ ဆိုထားပါတယ်။ သို့သော် ကျနော်က ဘာကို စိုးရိမ်သလဲဆိုရင် မိုးတွင်းမှာ နှစ်စဉ်ရေလွှမ်းပြီးတော့ မြေနုကျွန်းဆိုတာ ရှိပါတယ်။ မြေနုကျွန်း စိုက်ပျိုးရေးဆိုတာ။ ကျနော်တို့ ဘာသာရပ်အရ ခေါ်မယ်ဆိုရင် river ~ ecosystem ခေါ်ပါတယ်။ River ~ ecosystem ကို ထိမှာပါ။ နောက်တခုက ရေအပေါ်က စီးလာတာ နည်းလို့ရှိရင် အောက်က salt water ဝင်လာမှာပါ။ ပင်လယ်ဘက်ကနေ။ အဲဒီအခါကျရင် delta ecosystem ကို ထိနိုင်ပါတယ်ဆိုတာကို ကျနော် report ထဲမှာ ရေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီအန္တရာယ်တွေကို ပညာရှင်တွေ ထောက်ပြနေလျက့်နဲ့ ဒီ ဝန်ကြီးက ဆက်လုပ်မယ်ဆိုတာ ဘယ်လိုမက်လုံးများ ရှိနေတယ်လို့ ထင်ပါသလဲဆိုတာကို ကိုအော်ပီကျယ် ခန့်မှန်းပါခင်များ။

အော်ပီကျယ် ။ ။ ဆရာညိုတို့ အခုပြောတဲ့အခါဟာက တော်တော်ကို ကောင်းတဲ့အစီရင်ခံစာပါ။ ဒီအစီရင်ခံစာကြီးကို သူတို့ ဒါတွေက လေ့လာပြီသားပါဆိုပြီး ပညာရှင်တွေကို စော်ကားသလိုတောင် ဖြစ်တာပေါ့။ သူက ဆောက်ချင်လို့ ဆောက်တာဖြစ်နေတယ်။ လေ့လာတာတွေက လေ့လာတာတခြား ဖြစ်နေတယ်။ ကျနော်ကတော့ ဆရာညိုတို့ပြောတဲ့ အစီရင်ခံစာကြီးလို သူတို့ ပြည်သူတွေကို ချပြဖို့ကောင်းတယ်။ အခု အကျိုးအမြတ်ကတော့ ဗမာပြည်မှာတော့ အကျိုးအမြတ် ဘယ်သူတွေရတယ်ဆိုတာ ဆည်လုပ်တဲ့လုပ်ငန်းမှ မဟုတ်ဘူး။ ရှိသမျှလုပ်ငန်းတွေ အကုန်လုံး သူတို့ကိုယ်ကျိုးအတွက် များနေတယ်ဆိုတာကို ပြည်သူတွေက အဲဒီလိုမျိုးပဲ ခံစားနေရပါတယ်။

ဦးညိုမောင် ။ ။ ကျနော် လေ့လာထားသလောက်ဆိုရင် ကျနော်တို့က မြစ်တမြစ်မှာ series of dams ကို ဆောက်မယ်ဆိုရင် စဉ်းစားရမယ့်အချက် ရှိပါတယ်။ အခုဟာက မေခမြစ်ပေါ်မှာ ငါးခု ဆောက်မှာရှိပါတယ်။ အဲဒီ ငါးခုမှာ ပထမတခုနဲ့ ဒုတိယတခုနဲ့ အကွာအဝေးကလည်း ၅၂.၈ မိုင်ပဲ ရှိပါတယ်။ ဒုတိယနဲ့ တတိယ အကွာအဝေးက ၂၃ မိုင်။ တတိယနဲ့ စတုတ္ထ အကွာအဝေးက ၁၂ မိုင်ပဲ ရှိပါတယ်။ စတုတ္ထနဲ့ ပဉ္စမ အကွာအဝေးက ၃၃ မိုင်ပဲ ရှိပါတယ်။ သီအိုရီအရပါ။ ကျနော်ရဲ့  ဘာသာရပ် မဟုတ်ပါဘူး။ ဒါက hydrology သမားတွေက ပိုသိပါလိမ့်မယ်။ အဲဒီအရ ဆည်တခုနဲ့ တခု အကွာအဝေးဟာ ကီလိုအနေနဲ့ ဆိုရင် တစ်ရာ။ မိုင်ဆိုရင် ခြောက်ဆယ်လောက် ကွာရပါလိမ့်မယ်။ အဲဒီလို မကွာလို့ရှိရင် ဆည်ထဲမှာ ရေကငြိမ်နေတဲ့အတွက် oxygen content နည်းလာပါလိမ့်မယ်။ အဲဒီလို oxygen content ဟာ ပုံမှန်အားဖြင့် ရှိဖို့ရာအတွက်ဆိုရင် မိုင် ခြောက်ဆယ်လောက် စီးနေတဲ့ ရေလောက်မှ ဖြစ်နိုင်တယ်။ အောက်စီဂျင် များနိုင်မယ်။ အောက်စီဂျင် နည်းလို့ရှိရင် ရေက ပုတ်နိုင်တယ်။ စီးပွားရေးအရကတော့ feasible ဖြစ်တယ်ဆိုတာကိုတော့ တွက်ချက်ထားပါတယ်။ ဒါပေမဲ့ စီးပွားရေးအရတွင် ကြည့်ရတာ မဟုတ်ပါဘူး။ အမျိုးသားရေးအရလည်း ကြည့်ဖို့လိုပါတယ်။ ကျနော်တို့ ဘယ်လောက် ခံစားခွင့် ရမလဲဆိုတာ။ Impact တွေက ကျနော်တို့ အကုန်ခံရမှာ။ တရုတ်က ဘာမှ ခံရမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးက ပြောတယ် ငါထက် သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ကျနော်ထက်ပိုပြီး အတွေ့အကြုံများတဲ့လူ မရှိဘူးလို့ ဆိုထားတယ်။ ဒီလောက် အတွေ့အကြုံများတယ်။ ဒီလောက် တတ်သိတဲ့ ပုဂ္ဂိုလ်တယောက်က သတိမထားမိဘူးလား။ ကိုအော်ပီကျယ် အနေနဲ့ ဒါကို ဘယ်လိုသဘောရပါသလဲ။

အော်ပီကျယ် ။ ။ ကျနော်ကတော့ facebook ထဲမှာ ဖတ်မိတယ်။ သူက ခြောက်နှစ်လောက်ပဲ ရှိသေးတာပါ။ အဲဒီ ဌာနရောက်တာ။ ခြောက်နှစ်လောက်ကို သူကိုယ်သူ ပညာရှင်လို့ ပြောတာ အမှန်ကတော့ မပြောသင့်ဘူးပေါ့။ နောက် သူတို့က ပညာရှင်အနေနဲ့ ဝင်တာလည်း မဟုတ်ဘူး။ ဝန်ကြီးအနေနဲ့ ဝင်တာဆိုတော့။ ပညာရှင်ဆိုတာ ဘာလည်းဆိုတာကို သိပုံမရပါဘူး။ ကျနော်တို့ကတော့ အခုလိုပြောတာကိုတော့ တော်တော်လည်း ရယ်လည်းရယ်ရတယ်။ စိတ်လည်း တော်တော်ပျက်သွားတယ်။

ဦးကျော်ဇံသာ ။ ။ ဒီမြစ်ဆုံရေကာတာကိစ္စနဲ့ ပတ်သက်ပြီး သောတရှင်များမှာလည်း ကိုယ်ပိုင်အမြင် အသီးသီးရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအမြင်တွေကို ဖော်ထုတ်နိုင်အောင် လာမယ့် စနေနေ့ (စက်တင်ဘာ ၁၇) ရက်နေ့ တိုက်ရိုက်အစီအစဉ်မှာလည်း ဒီအကြောင်းအရာကိုပဲ တင်ပြသွားပါမယ်။

ဆရာကြီး ဦးဝင်းတင်နှင့် စာပေရေးရာ ခဏတဖြုတ်

ဧရာဝတီ Friday, 15 July 2011 15:27

 မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဂျာနယ်နှင့် မဂ္ဂဇင်းအမျိုးအစား တချို့ စိစစ်ရေး ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့်ပေးကာ မူဝါဒဖြေလျှော့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်များကိုလည်း ပြန်လည်ထုတ်ဝေနိုင်ရန် ထုတ်ဝေသူတချို့က ကြိုးပမ်းခဲ့ကြသည်။ ဦးဝင်းတင် ရေးသားခဲ့သော ကွိ၊ ဥတ္တရအလင်း၊ ကမ္ဘာနီတွင် တဒင်္ဂ၊ အလှရှာပုံတော်၊ ခြေမှာ စကား လက်ဖျား ကဗျာ မျက်နှာ ဇာတ်လမ်းနှင့် စနေစာပေဝိုင်း စာတမ်းများကို ပြန်လည် ထုတ်ဝေခွင့်ရထားသည်။ ၁၉၅၀ ဝန်းကျင်မှစ၍ စာနယ်ဇင်းလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတဦးဟူ၍ ကလောင်ခွဲများဖြင့် စာပေများ ရေးသားခဲ့သည်။

Fotos-Win-Tin
ဦးဝင်းတင် (ဓာတ်ပုံ - burmavoices.com)
၁၉၇၈ တွင် ဦးဝင်းတင် ဦးဆောင်သော စနေစာပေဝိုင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဝေဖန်သောကြောင့် ဟံသာဝတီ သတင်းစာတိုက် အပိတ်ခံရပြီး ဦးဝင်းတင်လည်း အယ်ဒီတာချုပ်ရာထူးမှ ဖယ်ရှားခံရသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် ထောင်မှ လွှတ်ပေးပြီးနောက် “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို နောက်ဆုံး ရေးသားထုတ်ဝေထားသည်။ ပြန်လည်ထုတ်ဝေမည့် စာအုပ်များနှင့် ပတ်သက်၍ ဦးဝင်းတင်၏ သဘောထား၊ စာပေစိစစ်ရေးနှင့် လက်ရှိထုတ်ဝေခွင့်ရမှုအပေါ် အမြင်၊ လွန်ခဲ့သော ဆယ်စုနှစ်များက ထုတ်ဝေခဲ့သည့် စာအုပ်များဆန်းသစ်မှုနှင့် ယနေ့ခေတ်လူငယ် စသည်တို့ကို  ဧရာဝတီ သတင်းထောက် ခက်ထန်က ဦးဝင်းတင်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။    ။ ဆရာကြီးရေးခဲ့တဲ့ စာအုပ်တွေ ပြန်ထုတ်မယ်လို့ သိရပါတယ်။ ဘယ်စာအုပ်တွေ ပြန်ထုတ်ဖြစ်မယ်ဆိုတာ သိပြီလားခင်ဗျ။ ထုတ်ဝေသူတွေကရော။

ဖြေ ။    ။ သိပါတယ်။ ကျနော်လည်း စာအုပ် များများ မရေးဖူးပါဘူး။ ရေးဖူးသလောက်ပေါ့ဗျာ၊ “ကမ္ဘာနီတွင် တဒင်္ဂ” တို့၊ “အလှရှာပုံတော်” တို့၊ “ကွိ” တို့၊ “ဥတ္တရအလင်း” တို့ အဲလိုစာအုပ်တွေပေါ့ဗျာ။ ထုတ်ဝေသူတွေက ပုဂံတို့၊ နေရီရီတို့ ပါပဲ။

မေး ။    ။ ဆရာကြီးရဲ့ မြန်မာဇာတ်သဘင် ဥရောပခရီးစာအုပ်ဖြစ်တဲ့ “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ရော ပြန်ထုတ်မယ့်အထဲ ပါမလား။

ဖြေ ။    ။ အဲဒါလည်း ပြန်ထုတ်မယ်ဗျ။

မေး။    ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ စာပေစိစစ်ရေးကို တင်ရမယ်လို့ ထင်ပါတယ်။

ဖြေ ။    ။ ဟုတ်ကဲ့ တင်ရမယ်လို့ ထင်ပါတယ်။ သူတို့ ထုတ်ဝေသူတွေ လုပ်ကြတာပဲဗျ။ ကျနော်တော့ ဘာမှ မလုပ်ဘူး။ ကလေးတွေက လာပြီးတော့ ဒီစာအုပ်တွေ ထုတ်ချင်တယ်ပြောတယ်၊ အဲဒီတော့ ထုတ်ပေါ့လို့၊ ကျနော်ကတော့ စာရေးတဲ့လူပေါ့ဗျာ၊ လူဟောင်းအနေနဲ့ ထုတ်လည်း ကောင်းတာပေါ့ဗျာ။ ကျနော် နှစ်ပေါင်း ၅၀ လောက်က ရေးထားတဲ့ ဟာတွေကို ပြန်ထုတ်ချင်တယ် ဆိုတော့ ကျနော်ကတော့ ဝမ်းသာတယ် ခေါ်ရမှာပေါ့။ ဒီစာအုပ်တွေက မဟုတ်ရင် ပျောက်ပြယ်သွားတော့မှာ။ ထုတ်တဲ့လူရှိတော့ ဖတ်တယ်လူ ရှိတယ်ပေါ့ဗျာ။

မေး ။    ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ ပြန်တည်းဖြတ်ချင်တာများ ရှိသလား၊ ဒီအတိုင်းပဲ ပြန်ထုတ်ချင်သလားခင်ဗျ။

ဖြေ ။    ။ ကျနော်တော့ ဘာမှ မလုပ်တော့ဘူးဗျ။ တည်းဖြတ်တာတွေ ဘာတွေ မလုပ်တော့ဘူး။ ကလေးတွေကိုပဲ ပေးလိုက်တာပဲဗျ။ ကလေးတွေကပဲ သူတို့ဟာသူတို့ စီစဉ်ပြီး ထုတ်မှာပေါ့။ ကျနော်တော့ တည်းဖြတ်တာတွေ မလုပ်တော့ပါဘူး။

မေး ။    ။ အကယ်၍ စာပေစိစစ်ရေးက ဖြတ်တောက်ခိုင်းတယ်ဆိုရင်ရော ဆရာကြီးအနေနဲ့ ထုတ်ဝေသူတွေကို ဘယ်လို ပြောချင်တာ ရှိလဲ။

ဖြေ ။    ။ ဖြတ်တောက်ခိုင်းတာတော့ သိပ်တော့ လုပ်လိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ အဟောင်းတွေကိုး။ အဟောင်းတွေဆိုတော့ ဖြတ်တောက်တာ လုပ်လိမ့်မယ်လို့ ကျနော်တော့ သိပ်မထင်ဘူး။ 

မေး ။    ။ တချို့စာအုပ်တွေဆို ဒီခေတ်လူငယ်တွေ မမွေးခင်တုန်းက စာအုပ်တွေပေါ့။ ဒီစာအုပ်တွေကို ပြန်ထုတ်မယ်ဆိုတော့ လူငယ်တွေ စိတ်ဝင်စားနိုင်မယ်၊ ဒီစာအုပ်တွေထဲကနေ လူငယ်တွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျတွေ ရှိတယ်လို့ ထင်သလားခင်ဗျ။

ဖြေ ။    ။ ကျနော်ကတော့ လူငယ်တွေ စိတ်ဝင်စားခြင်း မဝင်စားခြင်း ဆိုတာထက် လူငယ်တွေ ဖတ်ဖြစ်သွားစေချင်တာပေါ့။

မေး ။    ။ လူငယ်တွေ အသိများနေတာက “ကွိ” ပေါ့။ ဂျာနယ်လစ် ဖြစ်ချင်တဲ့ လူငယ်တွေလည်း ရှာဖတ်ကြတယ်။ အခုဒီစာအုပ်ကို ပြန်ထုတ်ပြီလို့ သိရတယ်။ မျိုးဆက်သစ် ဂျာနယ်လစ်တွေကို “ကွိ” နဲ့ ပတ်သက်လို့ ဘာပြောချင်တာ ရှိပါသလဲ။

ဖြေ ။    ။ “ကွိ” နဲ့ ပတ်သက်လို့ ပြောချင်တာက ဒီလိုဗျ၊ အမှန်အတိုင်း ပြောရရင် “ကွိ” နဲ့ ပတ်သက်လို့ ချီးကျူးပြီးတော့ မပြောချင်ပါဘူး။ “ကွိ” က ဟိုတုန်းကတော့ ၂ ကြိမ်ထုတ်ခဲ့ဖူးတယ်ပေါ့ဗျာ။ ဂျာနယ်ကျော် မမလေးကလည်း အကောင်းရေးထားတဲ့ စာအုပ်ပေါ့။ ဒီစာအုပ်နဲ့ ပတ်သက်လို့ သိပ်အများ ပြောစရာရှိလှမယ်တော့ မထင်ပါဘူး။ သို့သော် ဒီစာအုပ်က နှစ်ကြိမ်လောက် ထွက်ထားတဲ့ အထဲမှာ လူတွေလည်း တော်တော်ဖတ်ဖူးကြတယ်။ အခုထုတ်မယ့် စာအုပ်တိုက်ကလည်း ပုဂံတိုက်ဆိုတော့ ကောင်းကောင်းမွန်မွန် ထွက်လာပါမယ်။

မေး ။    ။ ဆရာကြီးရေးထားတဲ့ ဆောင်းပါးတွေလည်း ရှိသေးတယ်။ “ပေါ်သစ်” ကလောင်အမည်နဲ့လည်း ရေးထားတာတွေ ရှိတယ်၊ အဲဒီဆောင်းပါးတွေ စုပြီး ပြန်ထုတ်ဖို့ ရှိလား။

ဖြေ ။    ။ လိုက်စုပြီးတော့ ထုတ်ဖို့ လုပ်နေတယ်။ ဆိုပါတော့ … ခရီးသွားစာပေလို ဟာမျိုးကို ကဗျာဆရာ နီလုံဦးက ထုတ်လိမ့်မယ်။ နောက်တခါ ကျနော့်ရဲ့ တချို့ဆောင်းပါးတွေကို စုပေါင်းပြီး ထုတ်ဖို့ပဲ နီလုံဦးက လုပ်နေတယ်။

မေး ။    ။ အသက်အရွယ်နဲ့ ကျန်းမာရေးအရ စာတွေ ဆက်ရေးဖို့ စိတ်ကူးရှိသေးလား။

ဖြေ ။    ။ ကျနော်ကတော့ စာရေးနိုင်ရင်တော့ ရေးချင်တယ်ဗျ။ သို့သော် ကျန်းမာရေးအခြေအနေက သိပ်မပေးတော့ဘူး။ ခုတောင် ခပ်ယိုင်ယိုင်ပဲ၊ အိပ်ယာထဲ လှဲနေရတဲ့ အနေအထား ရောက်နေပြီ။ ကျန်းမာရေး မကောင်းလို့ ပါတီက ခွင့်ယူပြီးနေတာကို ၂ လလောက် ရှိသွားပြီ။

မေး ။    ။ စာပေစိစစ်ရေး မူဝါဒနဲ့ ပတ်သက်လို့ အစိုးရက မူဝါဒ နည်းနည်းဖြေလျှော့ပြီး သတင်းဂျာနယ်တွေက လွဲရင် ကျန်စာစောင်တွေကို စိစစ်ရေးတင်စရာမလိုဘဲ ထုတ်ပြီးမှ တင်ပြတဲ့ (ထုတ်တင်) စနစ်ကို လုပ်ခဲ့တယ်။ အဲဒီအပေါ်ရော ဘယ်လို မြင်ပါသလဲ။

ဖြေ ။    ။ ကျနော့်အမြင်ကတော့ ထုတ်တင်တွေ၊ တင်ထုတ်တွေ လုပ်နေမယ့်အစား စာပေစိစစ်ရေး ဖျက်သိမ်းပစ်လိုက်တာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီလိုလားတဲ့ ကျနော်တို့ဘက်က ကြည့်ရင် စာပေစိစစ်ရေးဆိုတာ ဖျက်သိမ်းပစ်တာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ရင် သူတို့လည်း စာပေစိစစ်ရေးလိုဟာမျိုးကို ဖျက်သိမ်းပစ်ဖို့ ကောင်းတယ်လို့ အဲလိုပဲ ကျနော် ပြောချင်ပါတယ်။

မေး ။    ။ ၁၉၇၇-၇၈ လောက်တုန်းက ဆရာကြီးတို့ မန္တလေးမှာ ဟံသာဝတီ စနေ စာပေဝိုင်းတွေ လုပ်ခဲ့တယ်။ စာတမ်းတွေ ဖတ်တယ်၊ ထုတ်ဝေတယ်။ အဲဒီမှာရော ဆရာကြီး ဖတ်ဖြစ်တဲ့ စာတမ်းတွေ ရှိပါသေးသလား။

ဖြေ ။    ။ ခရီးသွားစာတမ်းဆိုပြီးတော့ စာတမ်းတစောင် ပါပါတယ်။ အဲဒါကို ပြန်ထုတ်ဖို့ လုပ်နေပါတယ်။

မေး ။    ။ ၁၉၇၈ မှာ စနေ စာပေဝိုင်းကနေ မဆလကို ဝေဖန်တဲ့ စာတမ်းဖတ်ကြလို့ ဆရာကြီးလည်း ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ကနေ အလုပ်ပြုတ်ခဲ့တယ်နော်။ အဲဒီတုန်းက ဖတ်တဲ့ စာတမ်းအကြောင်း ပြောပါဦး။

ဖြေ ။    ။ ဒီလိုဗျ။ ကျနော် ပြုတ်သွားတဲ့ ကိစ္စက ဒီလို။ သိန်းဖေမြင့်က အဲဒီအချိန်မှာ သေတယ်ဗျာ။ သိန်းဖေမြင့်သေတော့ ကျနော်က သဘာပတိ လုပ်ပြီးတော့ သိန်းဖေမြင့်-သတင်းစာဆရာ ဆိုတာကို သဘာပတိအနေနဲ့ စာတမ်း ဖတ်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ သခင်ကျော်စိန်က သိန်းဖေမြင့်-နိုင်ငံရေးသမား ဆိုပြီးတော့ စာတမ်းဖတ်တယ်။ နောက်တယောက်က သိန်းဖေမြင့်-စာရေးဆရာဆိုပြီး စာတမ်းဖတ်တယ်။ အဲဒီစာတမ်း ၃ စောင်က ရှာတော့ရှာတုန်းပဲဗျ။ လိုက်ရှာနေတယ်။ အခုထိတော့ မတွေ့သေးဘူး ဖြစ်နေတယ်။ ဒီစာတမ်းလည်း ကျနော်က ထုတ်ချင်တယ်လေ။

မေး ။    ။ စာအုပ်တွေ ပြန်ထုတ်မယ်၊ စာပေစိစစ်ရေးကလည်း ခွင့်ပြုတယ်ဆိုတော့ စာနယ်ဇင်း အလားအလာကို ဘယ်လို မြင်သလဲခင်ဗျ။

ဖြေ ။    ။ ကျနော်တို့လည်း လူကြီးတွေ၊ အဖိုးကြီးတွေ ဖြစ်နေပြီပေါ့ဗျာ။ ကျနော်တို့ စာတမ်းတွေကလည်း ပြောသာပြောတယ်၊ သိပ်ပြီး ထက်ထက်မြက်မြက်ကြီး မဟုတ်ပါဘူး။ ရေးကြသားကြ လုပ်ကြကိုင်ကြ အဲဒီခေတ်တုန်းက လုပ်တာပါပဲ။ သူတို့ကလည်း အဲဒါတွေကို တွက်မိပုံရပါတယ်။ ကျနော်တို့ပြောတဲ့ စာတမ်းတွေထဲမှာ သိပ်ပြီး ထူးထူးခြားခြားလည်း မရှိလှဘူးလို့ သူတို့ကတွက်လို့ပဲ ဖြစ်မှာပါ။ သူတို့လုပ်တာ လွန်ကဲတာ တခုက သူတို့က လူအနေနဲ့ လုပ်တာမဟုတ်ဘူး၊ နာမည်အနေနဲ့ လုပ်ပြီးတော့ အကုန်လုံး ဖြတ်တောက်ပြီးတော့ ပိတ်ဆို့လုပ်တာ။ ဒါပါပဲ။

မေး ။    ။ ကဗျာဆရာကြီး ဦးတင်မိုးဆိုရင်လည်း သူကွယ်လွန်မှ သူ့စာတွေ ပြည်တွင်းမှာ ပြန်ဖော်ပြခွင့်ရတယ်။ ဒီလိုအပေါ်ကိုရော အပြုသဘော မြင်ပါသလား။

ဖြေ ။    ။ မြင်ပါတယ်။ ကိုတင်ကိုမိုးကိုလည်း ခုန ကျနော် ပြောခဲ့သလိုပဲ နာမည်နဲ့ ပိတ်တာပါပဲ။ ကိုတင်မိုး ရေးတာမှာလည်း ထူးခြားတဲ့ အချက်တွေ ပါတယ်၊ ထူးခြားတဲ့ ကဗျာတွေ ပါတယ်။ ဒါပေမယ့် သူ့တို့ကို သိပ်ပြီးတော့ ထိခိုက်တယ်လို့ မထင်တဲ့ဟာမျိုးကို ခွင့်ပြုလိုက်တာပါပဲ။ သူတို့ကို ထိခိုက်တဲ့ စာမျိုးကျတော့ မလွှတ်နိုင်ဘူး ထင်ပါတယ်။

မေး ။    ။ စာအုပ်တွေက ထုတ်ခဲ့တာ ကြာပြီ၊ ဆယ်စုနှစ် ချီနေပြီ၊ ဆိုတော့ ဒီအတောအတွင်းမှာ ကိုယ့်စာအုပ်တွေ ကိုယ်ပြန်ဖတ်ဖြစ်သေးပါသလား။

ဖြေ ။    ။ မဖတ်ဖြစ်ဘူးဗျ။ ထောင်ထဲမှာ နေတုန်းမှာ လုံးဝ ပိတ်ထားတာဆိုတော့ မဖတ်ဖြစ်ဘူး။ အခုလည်း ကျနော်က ကျနော့်စာအုပ်တွေကို ထုတ်မယ်ဆိုပြီးတော့ လူတွေက အူယားဖားလျားနဲ့ လာပြီးတော့ ပြောဆိုနေတာကိုး။ ကျနော့်အနေနဲ့ ထူးထူးခြားခြား မဖတ်ဖြစ်ဘူး။ အဲဒီစာအုပ် ထုတ်ချင်တယ်ဆို ရှာလာရင် လက်မှတ်ထိုးပေးလိုက်တာပါပဲ။ အခုနှစ်ပေါင်းအတော် ကြာပြီးတဲ့ အခါကျမှပဲ ကျနော့်စာအုပ်တွေကို ကျနော် ပြန်ပြီးဖတ်ရတော့မှာပဲလို့ ကျနော် ထင်တယ်ခင်ဗျ။

မေး ။    ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ အရင်က ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပုည၊ ဝင်းဆွေ ကလောင်အမည်တွေနဲ့ ရေးခဲ့တာတွေကိုလည်း အရင်ကလောင်အတိုင်း ပြန်ထုတ်ဖြစ်မလား၊ ဦးဝင်းတင် အမည်နဲ့ ပြောင်းထုတ်ဖြစ်မလား။

ဖြေ ။    ။ အရင်အတိုင်းပဲ ထုတ်မှာပါ။ နာမည် မပြောင်းပါဘူးခင်ဗျ။

“လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်”

ရှေ့နေ ကိုဖိုးဖြူသည်  လယ်မြေများ အသိမ်းခံနေရသည့် ဒေသအသီးသီးမှ လယ်သမားများကို ကူညီနေသူဖြစ်သည်။ ကိုဖိုးဖြူ  ခေါ် ကိုရန်နိုင်အောင်သည် ၂၀၀၉ ခုနှစ်က မကွေးတိုင်းအတွင်းမှ လယ်ယာမြေအမှုတခုအတွက် လိုက်ပါဆောင်ရွက်စဉ် ဖမ်းဆီးအကျဉ်းချခံရသည်။ ထောင်မှ လွတ်မြောက်ပြီးနောက် လယ်သိမ်းခံရသူ လယ်သမားများအရေးကိုသာမက  ကလေးစစ်သား အမှုများ၊ ပင်လယ်ထဲမျောပါသွားသည့် ရေလုပ်သားများ လျော်ကြေး နှင့် နစ်နာကြေး ရရှိရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မကြာမီက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းများသို့ သွားရောက်၍ လယ်သမားများ အရေး ဆောင်ရွက်ခဲ့သူ ကိုဖိုးဖြူကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ်မေးမြန်းထားပါသည်။

PhoePhyu
ရှေ့နေ ကိုဖိုးဖြူ
မေး။     ။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက လယ်သမားတွေ ဘာကြောင့် လယ်သိမ်းခံရသလဲ ဆိုတာ ပြောပြပါ။

ဖြေ။     ။ လယ်သမား တဦးချင်းစီအတွက် တဧကချင်းစီပေါ်မှာ ပေးတဲ့ စိုက်ပျိုး စရိတ်က ၂ သောင်းပဲ ရတဲ့ အတွက် ဒီလို စိုက်ပျိုးစရိတ် မလုံလောက်တဲ့ အတွက် ဒီလို နေရာ လက်လွတ် ဆုံးရှုံးရတဲ့ ပြဿနာရပ်တွေ ပေါ်ပေါက်နေတယ်။

ဧရာဝတီတိုင်းမှာ ငွေရှင်တွေဆီမှာ တောင်သူလယ်သမားတွေက ငွေချေးရ၊ ငှားရတယ်။ ချေးရငှားရတဲ့ အခါမှာ ၁၀ တိုးတွေ၊ ၁၅ ကျပ်တိုးတွေ ရှိတယ်။ ချေးစဉ်တုန်းကတော့ လေးသောင်း၊ ငါးသောင်းလောက်ပဲ။ စပါးထွက်တဲ့ အချိန်ကျတော့ အတိုးပေါ် အတိုးဆင့်တဲ့ ပိုက်ဆံနဲ့ တသိန်းခွဲ နှစ်သိန်းအထိ ဖြစ်လာတယ်။ သီးနှံတွေထွက်တဲ့ အခါတော့ ငွေရှင်းနိုင်တယ်။ ရာသီဥတု မကောင်းလို့ သီးနှံ မထွက်တဲ့ အခါကျတော့ ငွေမရှင်းနိုင်ဘူး။  ငွေရှင်းနိုင်ခဲ့လို့ ပိုက်ဆံ ကျန်ခဲ့မယ် ဆိုရင်တောင်မှပဲ အတိုးပေါ်မှာ အတိုးထပ်ဆင့်သွားတယ်။ ဒီလိုနည်းနဲ့ တောင်သူတွေက လယ်ရှင်တွေကို ၁ နှစ်တန်သည် ၂ နှစ်တန်သည် လယ်စိုက်ခွင့်ဆိုတာပေးရတယ်။

အဲဒီလို လယ်စိုက်ခွင့်ပေးတဲ့ ကာလမှာပဲ ကြေးတိုင်၊ မြေစာရင်းနဲ့ ပေါင်းပြီးတော့ လယ်စိုက်ပျိုးခွင့် ပြေစာပေါက်တွေကို အမည်ပြောင်းတယ်။ အမည် မပြောင်းခဲ့ရင်တောင်မှ သူတို့ စိုက်ပျိုးထားတာ ဖြစ်ပါတယ် ဆိုပြီးတော့ အာဏာပိုင်နဲ့ ပေါင်းပြီးတော့ အသိအမှတ်ပြုအောင် ဆောင်ရွက်ထားတယ်။

တောင်သူလယ်သမားက အဲဒီလယ်ကို အကြွေးကြေလောက်ပြီ ဆိုပြီးတော့ ပြန်လည်း စိုက်ရော ရဲတွေ၊ အာဏာပိုင်တွေကို ခေါ်တယ်၊ ငွေရှင်က လက်ရောက် စိုက်ပျိုးနေတဲ့ မြေတွေဖြစ်ပါတယ်၊ လက်ငုတ်စိုက်ခဲ့တဲ့  တောင်သူလယ်သမားတွေဟာ ကျုးကျော်သူပါ ဆိုပြီး ကိုယ့်လယ်ကို ၀င်စိုက်ပြီးတော့ ကျူးကျော်မှုဖြစ်တယ်၊ အကျိုး ပျက်စီးမှုတွေ ဖြစ်တယ်၊ ကိုယ်လယ်ကိုယ် စိုက်ပျိုးနေတဲ့ စပါးကို ရိတ်သိမ်းနေရင်းနဲ့ ခိုးမှုတွေ ဖြစ်ပေါ်နေတယ်၊ ဒါတွေက ပြည်သူ အချင်းချင်းဖြစ်ပေါ်တဲ့ အမှုလို့ ထင်ရပေမယ့်လို့ ဒီငွေရှင်တွေရဲ့ နောက်ကွယ်မှာ တခြားတခြားသော အင်အား ကြီးမားတဲ့ ငွေသို့မဟုတ် အရင်းအနှီး စိုက်ထုတ်ထားတဲ့သူတွေ ရှိနေတယ် ဆိုတာကို ကျနော်တို့ သိရှိထားရတယ်။

မေး။     ။  နောက်ကွယ်မှာ အရင်းအနှီး စိုက်ထုတ်ထားတဲ့ သူတွေဆိုတာက ဘယ်သူတွေလဲ။

ဖြေ။     ။ လယ်မြေတွေကို သိမ်းယူပြီးတော့ ဆောင်ရွက်လိုတဲ့ အသိုင်းအ၀န်းတွေလို့ ကျနော် နားလည်ထားပါတယ်၊ တောင်သူတွေက သူတို့ သိရှိတဲ့ အချက်အလက်တွေပြောပြလို့ သိရတာပါ။

လက်ရှိ ဒဂုံ အရှေ့ (ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်) မှာရှိတဲ့ ကုမ္ပဏီတွေ ဆိုရင်တော့ အာဏာပိုင် အသိုင်းအ၀န်းနဲ့ ပိုနီးစပ်ကြတယ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ ကိုယ်တိုင် ရှယ်ယာတွေပါတယ် ဆိုတာကို တောင်သူတွေ ပြောပြချက်အရ ကျနော်တို့ သိရှိရတယ်။

ဒီလို အခြေအနေမှာ လယ်မှုခင်းတွေ အဖြစ်နဲ့ ဘယ်သူက ပြန်လည် စိုက်ပျိုးခွင့် ရထိုက်တယ်၊ ဘယ်သူက ဆက်လက်ပြီး လက်ရောက် ပြန်လည် ရထိုက်တယ် ဆိုတာမျိုးတွေကို လယ်မှုခင်း အတွက် လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေ ရှေ့ရပ်တွေလည်း နယ်မှာ မရှိတဲ့ အတွက်  သူတို့လယ်ကို သူတို့ ပြန်စိုက်ရင်းနဲ့ အချုပ်တွေ၊ ထောင်တွေ၊ တရားရုံးတွေကို တက်နေကြရတယ်။

မေး။     ။ ကိုဖိုးဖြူ ကူညီတဲ့အတွက် ဘာတွေ ထိရောက်မှုရှိလဲ၊ အောင်မြင်မှုတွေ ရသလား။

ဖြေ။     ။ အရင်က နတ်မောက်က တောင်သူတွေအတွက် ဧက ၅၀၀၀ ကျော်  ဆောင်ရွက်ပေးပြီးတဲ့ နောက်ပိုင်း ကျနော် အချုပ်ထဲ ကျသွားတယ်၊ တလအကြာမှာပဲ ဒီဧက ၅၀၀၀ ကျော်လုံး ပြန်ရသွားတယ်။

လုံးလုံး အောင်မြင်မှုရတယ်လို့ ကျနော် မထင်ပါဘူး။ (ဇန်န၀ါရီလတုန်းက ရန်ကုန်တိုင်းမှာ) တောင်သူတွေ ၄၀၀ ၀န်းကျင် ချီတက်တယ်၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးမှာ လယ်ယာ မှုခင်းတွေတင်တယ်၊ တောင်သူတွေက တောင်းဆိုမှုတွေ လုပ်တယ်၊ ဧက ၁၀၀ ကျော် ပြန်ရတယ်၊ ဧက ၁၀၀ ကျော်ကို အမိန့်စာ ထုတ်ပေးတယ်၊ အဲဒီ ထုတ်ပေးတဲ့ အမိန်စာအတိုင်း တကယ်စိုက်ပျိုးတဲ့ အခါကျတော့လည်း ဒေသခံ အာဏာပိုင်တွေက တားတယ်၊  အဆင့်ဆင့်ကို စာပြန်တင်ပြီး လယ်ယာမှုခင်း ပြန်ဖွင့်ပြန်တော့လည်း  လက်ထိ လက်ရောက် ယနေ့အထိ စိုက်ပျိုးခွင့် မရဘူး။

ဒါတွေက နိုင်ငံတော်ရဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ မူဝါဒ ပြုပြင်ပြောင်းလဲမှသာလျှင်၊ ဥပဒေ ပြဋ္ဌာန်းပေးမှသာလျှင် ပြောင်းလဲနိုင်မယ့် အခြေအနေဖြစ်တယ်။

မေး။     ။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ကိုဖိုးဖြူ ဆောင်ရွက်ပေးနေတဲ့၊ အသိမ်းခံထားရတဲ့ လယ်ဧက ဘယ်လောက်ရှိလဲ။

ဖြေ။     ။ ရန်ကုန်တိုင်းမှာ အားလုံးပေါင်း ဧက တသောင်း ကျော်တယ်၊ ဧရာဝတီတိုင်းမှာ ဧက နှစ်ထောင် ၀န်းကျင်လောက် အတွက် တာဝန်ယူ ဆောင်ရွက်နေပါတယ်။

မေး။     ။ ဧက တသောင်းကျော် သိမ်းတယ် ဆိုတာ အထောက်အထား ရှိလား။

ဖြေ။     ။ သူတို့မြေကနေ လက်လွတ်ထွက်လာရတဲ့ တောင်သူတွေကတော့ အကောင်းဆုံး သက်သေပဲလို့ ပြောရမယ် ထင်တယ်။ ကြားထဲမှာ နာဂစ်လည်း ဖြစ်လိုက်တယ်၊ နောက်ပြီးတော့ မုန်တိုင်းလည်း ကြုံလိုက်ရတယ်။ လယ်တွေကနေကို ထွက်ပါ၊ မထွက်ဘူး ဆိုရင် တဲတွေကို ဖျက်မယ် ဆိုတဲ့ အမိန့်စာမျိုး ရောက်လာတာတွေလည်း ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ တိုင်းအုပ်ချုပ်ရေးက ပေးတာလည်း မဟုတ်ဘူး၊ မြို့နယ်က ပေးတာလည်း မဟုတ်ဘဲနဲ့ ရပ်ကွက်ကျေးရွာကကို ဓားစာခံထား ပြီးတော့  ရယကလို့ ခေါ်တဲ့ ဥက္ကဋ္ဌတွေကနေ ထုတ်ပေးခဲ့တာမျိုးတွေတော့ ရှိတယ်၊ အဲဒါလည်း တရွာ နှစ်ရွာပဲ ရှိတယ်။ ကျန်တာတွေ အကုန်လုံးကတော့ နှုတ်မိန့်နဲ့ ပြောတယ်။ ထွက်မလား၊ မထွက်ဘူးဆိုရင် တဲတွေကို ဘိုဒူဇာနဲ့ ထိုးပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်၊ ဒီလိုနည်းနဲ့ တောင်သူတွေ အားလုံးက ထွက်လာခဲ့ရတာပါ။

မေး။     ။ တောင်သူတွေကို ကူညီတာ အန္တရာယ် မရှိဘူးလား။

ဖြေ။     ။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ တောင်သူတွေနဲ့ ကျနော်ကြားမှာ သွေးခွဲတာမျိုးတွေ၊ တောင်သူတွေကို တဖက်လှည့်နဲ့ ခြိမ်းခြောက်တာတွေတော့ ရှိတယ်၊ ရွေးကောက်ပွဲပြီး နောက်ပိုင်းတော့ သတင်း ယူတာမျိုးပဲ ရှိတယ်၊ လွတ်လွတ် လပ်လပ် ခရီးသွားရတာမျိုး ဖြစ်လာပေမယ့်  ရေလုပ်သားတွေအတွက် ဧရာဝတီတိုင်းမှာ သွားလုပ်တုန်းကတော့ ဧည့်စာရင်းမရဘူး။

မေး။     ။ ရေလုပ်သားတွေအတွက် လုပ်ပေးခဲ့တာလည်း နည်းနည်းပြောပြပေးပါ။

ဖြေ။     ။ ဖျာပုံက ရွာပေါင်း ၁၁ ရွာလောက်မှာ (ပြီးခဲ့တဲ့မတ်လက တိုက်ခဲ့တဲ့ ပင်လယ်ပြင်) မုန်တိုင်းဒဏ်ကြောင့် ရေလုပ်သားတွေ သေဆုံးခဲ့ရတယ်၊ မိသားစုနဲ့ တကွဲတပြားဖြစ်တယ်၊ ပြန်ရောက်လာတဲ့ ရေလုပ်သားတွေကို လုပ်ခ လစာ မပေးဘူး၊ နောက်ပြီး သူတို့ ခံစားရမယ့် အလုပ်သမား လစာတွေ မပေးဘူး၊ ဒီအခါမှာ  ရေလုပ်သားတွေ ဆင်းရဲ မွဲတေမှုကြီးမားတဲ့ အတွက်  သူတို့ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုဖို့၊ အလုပ်သမား မှုခင်းတွေ တင်သွင်းဖို့အတွက် သွားတယ်၊ သူတို့ရဲ့ အလုပ်သမား မှုခင်းတွေကို မတင်ပေးခင်မှာ သူတို့ ရထိုက်တဲ့ အခွင့်အရေးတွေကို  ပညာပေး ဆွေးနွေးရတယ်၊ အဲဒီလို ဥပဒေပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်တော့  ညနေစောင်းမှာ ရွာတွေကနေ လှေနဲ့ မပြန်နိုင်တော့ဘူး ဖြစ်ခဲ့ရတယ်၊ အဲဒီအခါမှာ ဧည့်စာရင်း မပေးဘူး ဆိုပြီး ဧည့်စာရင်း ပိတ်တယ်။ ဒါပေမယ့် မှုခင်းတွေကို ဆုံးခန်းတိုင်အောင် တင်ပေးခဲ့ပါတယ်။ မုဆိုးမ ၄၅ ယောက်အတွက် အမှုတခု တင်သွင်းပေးခဲ့တယ်၊ နိုင်ငံတော်ဘက်က ငါးသောင်း ထောက်ပံ့တယ်၊ ကုမ္ပဏီဘက်က တသိန်း ထောက်ပံတယ်၊ တသိန်းခွဲပဲရတယ်။ လူတယောက်ရဲ့ တန်ဖိုးနဲ့ နှိုင်းစာရင်၊ ခေတ်ကာလပေါက်ဈေးနဲ့ နှိုင်းစာမယ် ဆိုရင် အလုပ် သမားတယောက်ရဲ့ စွန့်စားရမှု၊ နစ်နာရမှုက သိပ်များလွန်းတယ်။ နစ်နာ ဆုံးရှုံးမှုတွေ တွေကို ကာမိနိုင်အောင် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသေးဘူး။

မေး။     ။ ၂၀၀၉ ခုနှစ်တုန်းက ကိုဖိုးဖြူ ဘာကြောင့် ထောင်ကျသွားတာလဲ။

ဖြေ။     ။ ဗိုလ်ချုပ် မွေးခဲ့တဲ့ နတ်မောက်မြို့ ၀န်းကျင်မှာရှိတဲ့ ရွာတွေ အခြေပြုထားကြတဲ့ လယ်ပေါင်း ဧက ၅၀၀၀ ကျော်ရှိတယ်၊ အဲဒီနားလေးမှာ စက်ရုံတရုံရှိ တယ်၊ အဲဒီစက်ရုံကနေပြီးတော့ ကာကွယ်ရေး အကြောင်းပြပြီးတော့ မလိုအပ်ဘဲနဲ့ လယ်တွေကို သိမ်းလိုက်တယ်၊ ပြီးတော့ သူတို့က ပြန် သီးစားချတယ်။ နောက်တခုက အဲဒီထဲကို ၀င်ချင်တယ်၊ နွားကျောင်းချင်တယ် ဆိုရင် ပိုက်ဆံပေးရတယ်၊  ကြက်ဆူပင်တွေ အဓမ္မ  စိုက်ခိုင်းတယ်၊ အဲဒီမှာ မပြည့်မီတဲ့ အတွက် လယ်တွေ သိမ်းလိုက်တယ်။   တောင်သူတွေဟာ  လယ်လက်မဲ့တွေ ဖြစ်ကုန်တယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့  ကိုဇော်ဌေးဆိုတဲ့သူက ILO (ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်) ကို တိုင်ကြားတယ်။ နောက်ပိုင်းမှာ အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဆိုပြီးတော့ ကိုဇော်ဌေးကို တရားစွဲတယ်၊  ကျနော်က  သူ့အမှုကို လိုက်ပေးတယ်၊ တောင်သူတွေရဲ့ လယ်သမား ကိစ္စတွေအတွက်  ILO ကို ဆက်လက် တိုင်ကြားတယ်၊ လယ်မှုခင်းတွေကိုလည်း ဆက်လက် တည်ဆောက်တယ်၊ ဒီအခါမျိုးမှာ အမှုလိုက်နေတာကို ရပ်စဲသွားစေဖို့အတွက် ကျနော့်ကို ထိန်းသိမ်းလိုက်တယ်၊ အမှုတည်ဆောက်လို့ မရတဲ့ အခါမှာ ကျနော့် ဒိုင်ယာရီကို လှန်တယ်၊  အဲဒီထဲမှာပါတဲ့ အမှုလိုက်ပေးတဲ့ ကျနော်ရဲ့ ရှေ့နေအဖွဲ့ဟာ မတရား အသင်းပါ ဆိုပြီး အသင်းအဖွဲ့ ဥပဒေအရ တရားစွဲတယ်။ ဒီလိုနည်းနဲ့ ကျနော်ဟာ ထောင် ၄ နှစ်ကျတယ်။ ILO က လာထုတ်ပေးတဲ့ အတွက် ၁ နှစ်နဲ့ ၂လ နေပြီး  ကျနော့်ကို လွတ်ပေးလိုက်တာ။

မေး။     ။ ဘာဖြစ်လို့ လယ်သမားတွေ အရေး အတွက် ဆောင်ရွက်ပေးနေတာလဲ။

ဖြေ။     ။ လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ  ငတ်နေပါတယ်။ ဒါကြောင့် ဆောင်ရွက်ပေးနေတာပါ။

မေး။     ။ ဒီလို အချိန်ပြည့် ဆောင်ရွက်ပေးတဲ့အတွက် အိမ်က မိသားစုနဲ့တောင် ပြဿနာ တချို့ရှိနေတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမှာ ဘာကြောင့် လယ်သမားအရေး ဆက်လက်ပြီးတော့ လုပ်ပေးနေတာလဲ။

ဖြေ။     ။ အိမ်က မိသားစုကတော့ ကျနော့်ကို မဟာတန်းအထိ ကျောင်းထားပေးခဲ့တယ်၊ ကျောင်း ဆက်တက် စေချင်တယ်၊ နိုင်ငံခြား တက္ကသိုလ်ကလည်း လက်ခံတယ်၊ ကျနော်လည်း ကျောင်းတက်ချင်ပါတယ်၊ သို့သော်လည်း ကျနော် ထောင်က ထွက်လာတဲ့ အချိန်မှာ နိုင်ငံတကာ ဥပဒေနဲ့ မဟာတန်း ဒုတိယနှစ် ကျောင်းပြန်အပ်တဲ့အခါ ကျောင်း အထုတ်ခံရတယ်။

အဲဒီတော့ ကျနော့်ဘက်မှာ  တောင်သူနဲ့ အလုပ်သမားက အနီးစပ်ဆုံး မြင်တွေ့နေရတာ။ သူတို့ကို ပေးတာ ကမ်းတာ လှူတာတန်းတာ ဝေတာငှတာ နဲ့တော့ သူတို့ တရက် ထမင်းစားရုံအပြင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တယ်၊ သူတို့ အလုပ် လုပ်နေသရွေ့ အသက်ရှင်နေသရွေ့ သူတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရစေချင်တယ်။  ဒါကြောင့် ကျနော်က ဒီကိစ္စတွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

“မြစ်ပျောက်ရင် တိုင်းပြည် ပျောက်မယ်”

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ်အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။

Sayar-Mg-Sein-Win-Pateekone
စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) (ဓာတ်ပုံ - jittoomonywa)
ဧရာဝတီအကြောင်း ကဗျာနှင့် စာပေဟောပြောမှုများ၊ လှုံ့ဆော်မှုများမှာ အင်တာနက် လူမှုကွန်ယက်များတွင် ပြန့်နှံ့လျှက်ရှိရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာများ၊ ဟောပြောချက်များကိုလည်း လူအများ စိတ်ဝင်စားလျှက်ရှိသည်။ ထို့ကြောင့် မောင်စိန်ဝင်း (ပုတီးကုန်း) အား ဧရာတီမြစ်နှင့် ပတ်သက်သည့် ၎င်း၏ ထင်မြင်ချက်၊ ခံယူချက်များကို ဧရာဝတီမဂ္ဂဇင်း သတင်းထောက် လင်းသန့်က မေးမြန်းထားပါသည်။

မေး။     ။ ဧရာဝတီမြစ်အရေး ဆရာ့ရဲ့ခံစားမှုနဲ့ အမြင်ကို ပြောပြပေးပါလား။

ဖြေ။     ။ ကျနော်ခံစားရတာက ပြည်သူပြည်သား အများနည်းတူ ခံစားရတာပါ။ ကျနော်က အဲဒီ ဧရာဝတီနဲ့ ပတ်သက်လို့ ဟိုးအရင် စာပေဟောပြောပွဲတွေကတည်းက ဟောပြောဖြစ်တယ်။ ကျနော် အဓိက ပြောတာကတော့ ကျနော်တို့ ရသ စာပေသမားက ကဗျာရေးတဲ့အချိန်မှာ ပတ်ဝန်းကျင် အခြေအနေ ပြောင်းသွားရင် ကဗျာဟာ ပြောင်းလဲသွားတယ် ဆိုတာကို သက်သေပြချင်တာ။ ဟိုး အစောပိုင်း မြစ်ဆုံကို ကျနော် ရောက်ခဲ့စဉ်က အရမ်းလှတဲ့ မြစ်ဆုံကို ကြည့်ပြီး အရမ်းလှတဲ့ ကဗျာတွေ ထွက်တယ်။ မနှစ်က မြစ်ဆုံကိုရောက်တော့ မြစ်ဆုံ ပျက်စီးနေတာ တွေ့တော့ “မြစ်ကော” ဆိုတဲ့ ကဗျာမျိုး ထွက်တယ်။ အဲဒီမှာ စပြီး ကျနော် တော်တော်ပြောဖြစ်တယ်။ နောက်ပိုင်း  မြစ်က တော်တော်စိုးရိမ်စရာ အခြေအနေ ရောက်လာတော့ ဂျာနယ်တွေ၊ စာစောင်တွေမှာ အဲဒီဘက်ကို အလေးပေးပြီး တော်တော် များများ ပြောဖြစ်တယ်။

မေး။     ။ မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ ပညာရှင်တွေရဲ့ သုတေသန စာတမ်းတွေ ပေါက်ကြားလာတော့ လူတွေ ပိုပြီး စိုးရိမ်လာတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ စိုးရိမ်မှု ဘယ်လိုရှိတယ် ဆိုတာ သိပါရစေ။

ဖြေ။     ။ ကျနော့် ကဗျာထဲမှာ ပါတဲ့အတိုင်းပဲဗျ။ ဘာလဲ ဆိုတော့ မြစ်ပျောက်ရင် တိုင်းပြည်ပါ ပျောက်မယ်၊ လူမျိုးပါ ပျောက်မယ်။ အဲဒီလောက်ထိကို စိုးရိမ်စရာကောင်းပါတယ်။

မေး။     ။ မြစ်ဝှမ်းတွေဆိုတာ လူ့ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဖြစ်နေတယ်၊ မြစ်ကြီး ပျောက်ကွယ်သွားရင် ဆရာပြောသလို လူမျိုးပါ ပျောက်ကွယ်သွားမယ်၊ ယဉ်ကျေးမှုပါ ပျောက်ကွယ်သွားမယ် ဆိုတော့ ဒီလောက် စိုးရိမ်စရာ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံသားတွေကို အသိပညာပေးမှုတွေ၊ သတင်းအချက် အလက် မျှဝေပေးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တယ် ထင်ပါသလဲ။

ဖြေ။    ။ ဒီကိစ္စ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဗျ။ ဘာလို့ ကျနော်ပြောနိုင်သလဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်ပတ် လောက်ကပဲ ဒယ်အိုးဆရာတော် ဦးစီးတဲ့ ဆီမှာ တနိုင်ငံလုံးက ပရဟိတ လုပ်နေကြတဲ့ အဖွဲ့တွေအများကြီးနဲ့ ဆုံတယ်။ အဲဒီ မှာ စကားပြောဖို့ ကျနော့်ကို မိနစ် ၂၀ လောက် အချိန်ပေးတယ်။ ကျနော်သွားပြောပါတယ်။ ပြောတဲ့အချိန်မှာလည်း အဲဒါလေးပဲ အဓိက ထားပြီးတော့၊ ပရဟိတ သမားတွေအနေနဲ့ ပိုပြီးတော့ အမျိုးသားရေး တာဝန်အနေနဲ့ တာဝန်ရှိတယ် ဆိုတဲ့ အကြောင်းလေး ကျနော် ပြောဖြစ်တယ်ဗျ။ အဲဒီမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာမ သန်းမြင့်အောင်တို့၊ ကိုကျော်သူ့ဇနီး မရွှေဇီးကွက်တို့ ကလည်း ရောက်နေတယ်။ သူတို့နဲ့အတူတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါလာတယ်ဗျ။ ကျနော်စကားပြောရင်း လက်မှတ်ထိုးဖို့ ကိစ္စလေးတွေပါ ပန်ကြားတော့ ကျနော် ပြောပြီးတာနဲ့ ဘယ်မှာထိုးရမလဲ၊ ဘယ်မှာထိုးရမလဲ ဆိုပြီး လူတွေက တော်တော်ကို စိတ်ဝင်တစား ရှိတယ်ဗျ။ တော်တော် ချစ်ဖို့ ကောင်းပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။

မေး။     ။ တချို့ပြောနေတာတွေ ရှိတယ်။ စိတ်ဝင်စားတဲ့သူက ရေဒီယို နားထောင်တဲ့သူတို့၊ ဒီအကြောင်း သိတဲ့ သူတို့ပဲ၊ တော်တော်များများက မသိကြသေးဘူးလို့ ပြောနေကြတယ်။ စိုးရိမ်စရာ အခြေအနေ ရှိတယ် ဆိုတာကို တတိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေးအတွက် ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲ။

ဖြေ။     ။ ကျနော့် အတွေ့အကြုံလေး တခုကို ဒီနေရာမှာ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ နတ်တလင်း မှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုပြီး မိုးလေ၀သက ဒေါက်တာထွန်းလွင်တို့နဲ့ ဟောပြောပါတယ်။ ဟော ပြောတော့ ကျနော်တို့က ဧရာဝတီအရေးပဲ ဇောင်းပေးပြီး ပြောတယ်။ အဲဒီမှာ အများစု ပရိသတ်က တောရော၊ နယ်က ပါ ဖြစ်နေတယ်။ သူတို့လည်း တော်တော် စိတ်ဝင်စားပါတယ်။ သူတို့စိတ်ဝင်စားတယ် ဆိုတာ ဘာလို့သိလဲ ဆိုတော့ ကျနော်နဲ့အတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါသွားတော့ သူတို့ လက်မှတ်ရေးထိုးကြတယ်။ ဒါက တချက် ပေါ့ဗျာ။ ပြီးတော့ တောင်ငူအပါအ၀င် တခြားနယ်မြို့တွေမှာလည်း အဲဒီလှုပ်ရှားမှု လုပ်နေတယ် ကြားလိုက်ရတယ်။ နောက်တချက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အစက စိတ်ဝင်စားချင်မှ စိတ်ဝင်စားကြမယ်။ ဒါပေမယ့် ဒယ်အိုးဆရာတော်ဆီ လာတဲ့ ပရဟိတ လုပ်နေတဲ့အဖွဲ့တွေက အဖွဲ့ ၉၀၀ ကျော်တယ်ဗျ။ အဲဒီအဖွဲ့တွေက မြန်မာပြည်အနှံ့က လာကြတာ။ သူတို့တွေကို ဧရာဝတီမြစ်ကိစ္စ ပြောလိုက်တော့ သူတို့ အတော်စိတ်ဝင်စားကြတာ တွေ့တယ်။

ပြီးတော့ ကျနော်က ဘာကိုမျှော်လင့်လဲဆိုတော့ အဲဒီအဖွဲ့တွေ သူတို့ အရပ်ဒေသတွေပြန်ရောက် သွားကြတဲ့အခါ သူတို့က ပရဟိတ သမားတွေဆိုတော့ ငြိမ်နေမှာ မဟုတ်ဘူးဗျ။ လှုပ်ရှားမှုကို ဆက်လုပ်မယ်လို့ ကျနော့် စိတ်ထဲမှာ ယုံနေတယ်။ ကျနော်တို့ စာရေးဆရာတွေ အနေနဲ့ တတ်နိုင်တာကတော့ ကျနော်တို့ ဟောပြောပွဲတွေ သွားနေတဲ့ အခါမှာ ထပ်တယ်ပဲ ပြောပြော၊ ဘာပြောပြော ကျနော်ကတော့ ဒီကိစ္စကို အလေးပေး ပြောတာပဲ။ ဒါက ကျနော်တို့ လုပ်နိုင်သလောက်လေးပေါ့။

မေး။     ။ ဧရာဝတီအရေးဟာ သဘာဝပတ်ဝန်းကျင်အရေးလို့ ပြောကြတယ်၊ တချို့ကျတော့ ဒါက တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ပြောကြတယ်၊ တချို့က ဒါကို နိုင်ငံရေးလို့ ထင်နေသူတွေလည်း ရှိနေတယ်။ အဲဒီအထဲမှာ နိုင်ငံရေး နယ်ပယ်က လူတွေက လှုပ်ရှားမှုမှာ ဦးဆောင်လုပ်နေကြတော့ နိုင်ငံရေးလှုပ်ရှားတယ် ထင်ပြီး စိုးရိမ်ကြောင့် ကြနေကြတဲ့ သူတွေလည်းရှိနေတော့ အဲဒီလို လူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။     ။ ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ လူတိုင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်ဗျာ။ ပါတီနိုင်ငံရေးထက် အများကြီး မြင့်တယ်လို့ ယုံကြည်တယ်ဗျာ။ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။ ဒါက ပိုကျယ်ပြန့်တယ်လေ။

မေး။     ။ အခုဆိုရင် ဆရာလူထု ဦးစိန်ဝင်းတို့လို၊ ဆရာတို့လို အနုပညာနယ်က၊ စာပေနယ်က လူတွေက ပြောတော့ စိတ်ဝင်စားမှု များလာတယ်။ စိုးရိမ်မှု များလာပြီး မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ သက်ဆိုင်ရာက ဒီစီမံကိန်းကြီး ရပ်တန့်ပေးမယ်လို့ ယူဆပါလားခင်ဗျာ။

ဖြေ။     ။ ကျနော်တို့စိတ်ထဲ ခံစားရတာတော့ဗျာ တခုခု လုပ်နေတာက ဘာမှ မလုပ်တာထက်စာရင် ပိုကောင်းတယ် ဆိုတာပါပဲ။ ငြိမ်နေတာထက် စာရင် လှုပ်နေတာက တစုံတရာ ရှေ့ကို မျှော်မှန်းလို့ ရမယ်ထင်ပါတယ်။ အဲဒီလို ကျနော့် စိတ်ထဲ ထင်ပါတယ်။

မေး။     ။ အခု ဧရာဝတီ အရေး ပြောဆိုမှုတွေ ကျယ်ပြန့်လာတယ်။ ဆရာ့အနေနဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ တခြား ထူးထူးခြားခြား ဘာများပြောချင်လဲ။

ဖြေ။     ။ ထူးထူးခြားခြားရယ်တော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတိုင်းလူတိုင်း အကုန်လုံးက၊ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံးက ကျနော်တို့ရဲ့ အမျိုးသားရေး တာဝန်တခုအနေနဲ့ ကျနော်တို့လို အများကို ဆင့်ပွား ပြောနိုင်တဲ့ သူကလည်း ပြောပေါ့။ နီးစပ်ရာတွေက တဆင့် သူငယ်ချင်းကို ပြော၊ လက်ဘက်ရည်ဆိုင်မှာပြော၊ အဲဒီလို လက်ဆင့်ကမ်းပြီး အားလုံးက ဒီကိစ္စ တာဝန်ယူ ပြောသင့်တယ်။ ပြောတယ်ဆိုတာလည်း သက်သက်ပြောတာ မဟုတ်ဘူး။ တကယ့်ခံစားမှုကနေ ပေါက်ကွဲပြီး ပြောနေကြတာပဲ။ တတ်နိုင်သလောက်တော့ လူတိုင်းက စိတ်ဝင် တစား လှုပ်ရှားသင့်တယ်လို့ ပြောချင်ပါတယ်။

မေး။     ။ တချို့က ပြောနေကြတယ်၊ အရင်ကတော့ ဧရာဝတီကို ချစ်ရကောင်းမှန်း မသိကြဘူး၊ အခုမှ အသံတွေ ကျယ်လာပြီး ချစ်နေကြတယ်၊ စိုးရိမ်စရာ မှန်းသိလာကြတယ်ပေါ့။ အဲဒီအပေါ် ဘာများပြော ချင်ပါသလဲ။

ဖြေ။     ။ ဒါက အရင်ကတည်းက သိပြီး ပြောနေကြပါတယ်။ ဒါပေမယ့် လူသိများတဲ့ သူတွေက ပြောလိုက်တော့ ပိုသိ သွားတယ်၊ ပိုပြီး အသံကျယ်လောင် သွားတယ်လို့ ထင်ပါတယ်။ အရင်ကတည်းက တယောက်စီ၊ တယောက်စီ၊ လူတစုစီ၊ တစုစီ ကြားမှာ ပြောဆိုနေကြတာတွေ ရှိကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကျယ်ကျယ်လောင်လောင်ကြီး မဖြစ်သေးတာပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်