Pages

Beautiul_Myanmar

Friday, September 16, 2011

သျှမ်းသံတော်ဆင့် အယ်ဒီတာ ကွယ်လွန်

ရန်ပိုင် Thursday, 15 September 2011 11:10


သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည် (ခေါ်) တေးသံရှင် ဆခဟ (အသက် ၅၉ နှစ်) သည် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Maharaj Nakorn Chiang Mai ဆေးရုံကြီးတွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။

sakhaha420
သျှမ်းသံတော်ဆင့် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည် (ခေါ်) တေးသံရှင် ဆခဟ (ဓာတ်ပုံ - S.H.A.N)
ဦးစိန်ကြည်သည် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင် မွေးဖွားခဲ့ပြီး တန့်ယန်းမြို့ အထက်တန်းကျောင်းတွင် ဒဿမတန်း အောင်မြင်ခဲ့သည်။ ငယ်စဉ်ကတည်းက ဂီတနှင့် စာပေဘက်တွင် ၀ါသနာထုံသူတဦးဖြစ်ပြီး နာမည်ကြီး တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း သူငယ်ချင်းဖြစ်ကြောင်း ဦးစိန်ကြည်၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။

“သျှမ်းအနုပညာရှင်ထဲမှာ အင်မတန် လူချစ်များတဲ့သူတဦးပါ။ သျှမ်းသံတော်ဆင့်ရဲ့ လုပ်အားနှုန်း ၄၀ ရာခိုင်နှုန်းကို အဓိကလုပ်ပေး နေသူတဦးပါ။ အစားထိုးမရတဲ့ ဆုံးရှုံးမှုပဲ” ဟု ဦးခွန်ဆိုင်းက ဆိုသည်။

ဂီတနှင့် ပတ်သက်၍ သျှမ်း၊ မြန်မာ သီချင်းများကို ကိုယ်တိုင်ရေးစပ် သီဆိုခဲ့သူတဦးဖြစ်ပြီး ကွယ်လွန်ချိန်အထိ သျှမ်းသံတော်ဆင့် သတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒဿမတန်းအောင်ပြီးနောက် ရှမ်းပြည်တပ်မတော် (SSA) အဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး သတင်းနှင့် ပြန်ကြားရေးဌာနတွင် လုပ်ကိုင်ခဲ့သည်။ ရှမ်းပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များဖြစ်သည့် SSA နှင့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) တို့ ပူးပေါင်းထုတ်ဝေသည့် “ဂွဏ်းခေါ် စာစောင်” ကို ၁၉၈၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအထိ တာဝန်ယူ ထုတ်ဝေခဲ့သူ ဖြစ်သည်။

ဦးစိန်ကြည်သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် သတင်းဌာနတွင် အစဉ်တစိုက် ရေးသားခဲ့သူဖြစ်ပြီး ရှမ်းပြည်ရေးရာများနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် မီဒီယာများသို့ မကြာခဏ သဘောထားမှတ်ချက်ပေးပြီး မေးမြန်းချက်များကို ဖြေကြားခဲ့သူ ဖြစ်သည်။

မကွယ်လွန်မီ အချိန်အထိ “၀” တိုင်းရင်းသား နယ်မြေသို့ သွားရောက်လေ့လာကာ တိုင်းရင်းသားများ အရေးကို ကိုယ်တိုင်လေ့လာ ရေးသားခဲ့သေးသည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ကျန်ရစ်သည့် ရုပ်ကလာပ်ကို ချင်းမိုင်မြို့ ၀ပ်ပါပေါက် ဘုန်းတော်ကြီးကျောင်းတွင် ထားရှိသင်္ဂြိုဟ်မည်ဟု သိရသည်။

http://www.irrawaddy.org/bur/index.php/news/7305-2011-09-15-04-12-15

No comments: