Pages

Beautiul_Myanmar

Monday, February 27, 2012

ခန္ဓာကိုယ်ပြင်ပတွင် နှလုံးရောက်ရှိလျက် မွေးဖွားခဲ့ပြီး အသက်ရှင်သည့် ကလေးငယ်

ခန္ဓာကိုယ် အပြင်ဘက်တွင် နှလုံးရောက်ရှိနေပြီး မွေးဖွားလာသည့် ကလေးငယ်များအနက် ရိုင်ယန်မားကွစ်သည် ပထမဆုံး အသက်ရှင် ကြီးပြင်းသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ ရိုင်ယန်ကို ဖွားမြင်ချိန်က ၎င်းသည် အသက်ရှင်ခွင့်ရရန် မျှော်လင့်ချက် မရှိတော့ဟု ဆရာဝန်များက ယူဆထားခဲ့သည်။ အလွန်ရှားပါးသည့် ectopia cordisဖြစ်စဉ်ကြောင့် ရိုင်ယန်၏ နှလုံးသည် မွေးကတည်းက ခန္ဓာကိုယ် အပြင်ဘက်တွင် ရှိနေခဲ့သည်။

Ryan Marquis

(မွေးဖွားပြီးနောက် မခွဲစိတ်မီနှင့် ခွဲစိတ်မှုပြုလုပ်အပြီး တွေ့မြင်ရသည့် ရိုင်ယန်မားကွစ်)

ဆရာဝန်များက မိခင်ဖြစ်သူ ကိုယ်ဝန် (၁၂)ပတ် ရချိန်တွင် ယင်းကို သိရှိခဲ့ပြီးနောက် ကိုယ်ဝန်ကို ဖျက်ချရန်ပင် တိုက်တွန်းခဲ့သော်လည်း မိခင်က ငြင်းဆန်ခဲ့သည်။ အသက်(၃၄)နှစ်ရှိ မစ္စ မားကွစ်က “ကလေးရဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းဆိုတာ အံ့ဖွယ်သရဲ ဖြစ်လောက်အောင် နည်းနေပြီဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်မတို့ လင်မယားက ကိုယ်ဝန်ကို ဖျက်ချဖို့ကို ငြင်းလိုက်ပါတယ်။ ဒါကို သဘာဝအတိုင်း ဖြစ်လာဖို့ပဲ မျှော်လင့်ခဲ့တယ်”ဟု ပြောဆိုခဲ့သည်။

Ryan Marquiss

(ရိုင်ယန်မားကွစ်အား အမဖြစ်သူနှင့်အတူ တွေ့ရစဉ်)

ဆရာဝန်များ၏ ခွဲစိတ် ကုသပေးမှုများကြောင့် ရိုင်ယန်လေးမှာ ယခုအခါ ကျန်းမာလာခဲ့ပြီဖြစ်သည်။ မိဘများ၏ လောင်းကစားဆန်သော ဆုံးဖြတ်ချက်သည် အောင်မြင်မှု အပြည့်အဝ ရရှိခဲ့ပြီး ရိုင်ယန်သည် (၃)နှစ်ပြည့် မွေးနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ရိုင်ယန်၏ နှလုံးသည် hypoplastic right heart syndromeခေါ် ရောဂါတစ်မျိုးကြောင့် နှလုံးညာဘက်ခြမ်းမှာ ပုံမှန်မဟုတ်ဘဲ နှလုံး၏ ဘယ်ဘက် တစ်ခြမ်းတည်းသာ ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပြီး ဖွံ့ဖြိုးမှုရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားတွင် နေထိုင်သည့် ကလေးငယ်ကို ဆရာဝန်များက ကြိုးစားခွဲစိတ်ပြီး နှလုံးကို ခန္ဓာကိုယ်အတွင်း ပြန်ထည့်ပေးခဲ့ရသည်။

Ryan Marquiss

(ရိုင်ယန်မားကွစ် မိသားစု)

(၂၀၀၉)ခုနှစ်က ၀ါရှင်တန်ရှိ အမျိုးသား ကလေးအထူးကု ဆေးရုံသို့ လွှဲပြောင်းပေးကာ ကျွမ်းကျင်သူများက ရိုင်ယန်၏ အသက်ကို ဆက်ခွင့်ပေးရန် အစွမ်းကုန် လုပ်ဆောင်ခဲ့ကြသည်။ ဒေါက်တာ မေရီဒိုနိုဖရိုင်ယိုက “သူ့ကို မွေးကတည်းက ခန္ဓာကိုယ် အပြင်ရောက်နေတဲ့ နှလုံးမှာ ပိုးဝင်ပြီး သေနိုင်ပါတယ်။ တကယ်လို့ ပိုးမဝင်ဖြစ်ခဲ့ရင်တောင် နှလုံးသွေးကြော လမ်းကြောင်းမမှန်တာကြောင့် သူ့ရဲ့ နှလုံးကို ခွဲစိတ်မှုလုပ်ဖို့ လိုတယ်။ ဒီခွဲစိတ်မှုကို မစခင်တင် ကျွန်မက ကလေးရဲ့ မိသားစုကို ပြောခဲ့တယ်။ သူအသက်ရှင်မယ်ဆိုရင် တကယ့် မယုံနိုင်စရာ ဖြစ်စဉ်ပဲလို့လေ”ဟု ရှင်းပြခဲ့သည်။

ရိုင်ယန်ကို မွေးဖွားစဉ်က ၎င်း၏ နှလုံးသည် ရင်ဘတ်အရိုးအိမ်၏ အပြင်တွင် ရောက်ရှိကာ ခန္ဓာကိုယ် အပြင်ပိုင်း၌ တွယ်ကပ်နေခြင်းဖြစ်သည်။ “ခွဲစိတ်မှု ပြီးသွားတော့ သူအသက်ရှင်နေတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး ရှင်သန်မှုအတွက် သူဆက်ပြီး တိုက်ပွဲဝင်ပါစေလို့ ရင်တမမ ဆုတောင်းခဲ့ကြတယ်လေ”ဟု ဒေါက်တာ မေရီက ပြောကြားသွားသည်။ ရိုင်ယန်သည် အဓိက ခွဲစိတ်မှု အပြီးတွင် (၂)နှစ်အတွင်း နောက်ထပ် လိုအပ်သည့် ခွဲစိတ်မှု တစ်ဒါဇင်မျှကိုလည်း ခံယူခဲ့ရသေးသည်။ ယခုအခါ ရိုင်ယန်သည် မိဘနှစ်ပါး၊ အစ်မနှစ်ဦးနှင့်အတူ ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခွင့် ရနေပြီဖြစ်သည်။
by;planet

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A4400462&xgs=1&xg_source=msg_share_post

No comments: