Pages

Beautiul_Myanmar

Friday, September 23, 2011

မင်းကျင့်တရားဆယ်ပါးကိုခေတ်နှင့်အညီလေ့လာခြင်း

မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားစဉ်မြေးဆက် အဓွန့်ရှည်စွာ အုပ်ချုပ်နိုင်ရန်အတွက်ပေးတဲ့ အကြံဥာဏ်ကျင့်စဉ်ပင်ဖြစ်သည်။ရှေးတုန်းကမင်းများကတော့ မရအပ်သောတိုင်းပြည်ကိုရအောင် ရပြီးသော တိုင်းပြည်စည်ပင်သာယာဖွံ့ဖြိုးအောင် သာစဉ်မြေးဆက်အုပ်ချုပ်နိုင်ရန်အတွက် မင်းကျင့်တရားများကိုချမှတ်ခဲ့ကြပါတယ်။ထိုမင်းကျင့်တရားကို မဟာဟံသ ဇာတ်တော်မှာထင်ရှားစွာတွေ့မြင်နိုင်သလို ယောမင်းကြီးဦးဘိုးလှိုင်ကလည်း ရာဇဓမ္မသင်္ဂဟကျမ်းဖြင့်တစ်ဆင့် ပြန်လည်ဖော်ထားတာကိုလည်းတွေ့မြင်နိုင်ပါတယ်။ထိုမင်းကျင့်တရားဆယ်ပါးကား(၁)ဒါန(အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းခြင်း) (၂)။သီလ(ငါးပါးသီလဆောက်တည်ခြင်း)
(၃)။ပရိစ္စာဂ(စွန့်ကြဲပေးကမ်းခြင်း)
(၄)။အဇ္ဇဝ(ကောက်ကျစ်စဉ်းလဲခြင်းမရှိ ရိုးသားဖြောင့်မတ်ခြင်း)
(၅)။မဒ္ဒဈ(အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့ခြင်း)
(၆)။တပ(ဥပုသ်ဆောက်တည်ခြင်း)
(၇)။အကောဓ(တိုင်းသူပြည်သားတို့အား ရန်ငြိုးမထားပဲ ချမ်းသာစေခြင်း)
(၈)။အဝိဟိံသန(တိုင်းသုပြည်သားတို့အား မနှိပ်စက်ပဲ သနားခြင်း)
(၉)။ခန္တီ(တိုင်းသူပြည်သားတို့က နှုတ်ဖြင့် မရိုမသေပြုလုပ်ခြင်းကိုပင် သည်းခံခြင်း)
(၁၀)အဝိရောဓန(ရဟန်း ရှင် လူ မှူးမတ်တို့နှင့် ဆန့်ကျင်ဘက်မလုပ်ခြင်း)တို့ဖြစ်ပါတယ်။


(၁)။ဒါန(အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းခြင်း)ဆိုတဲ့အချက်မှာ တိုင်းသူပြည်သားတို့ထံမှ ကောက်ခံလို့ရတဲ့ ပစ္စည်းဥစ္စာများကိုလှူဒါန်းတဲ့ လှူဒါန်းခြင်းမျိုးမဟုတ်ပဲ ထိုမင်းရဲ့ မိဘ ဘိုးဘွားများထားခဲ့တဲ့ ပစ္စည်းဥစ္စာများကိုသာလှူဒါန်းရတာဖြစ်ပါတယ်။တိုင်းသူပြည်သားတို့ထံမှကောက်ခံလို့ရတဲ့ ဥစ္စာကိုလှူမယ်တဲ့မင်းဆိုရင် (ဒါန)ဆိုတဲ့ ကျင့်စဉ်တစ်ခုပျက်တယ်လို့ဆိုရမှာပါ။မိဘ ဘိုးဘွားထားခဲ့တဲ့ဥစ္စာကိုလှူတယ်ဆိုရင်တော့ (ဒါန)ဆိုတဲ့ ကျင့်စဉ်တစ်ခုနဲ့ပြည်စုံပါတယ်။


(၂)။သီလ(ငါးပါးသီလ မြဲခြင်း)
သူတစ်ပါးအသတ်ကိုသတ်ခြင်း၊သူတစ်ပါးဥစ္စာကို မရ မကရအောင် ခိုးယူခြင်းကောက်ခံခြင်း၊သူတစ်ပါးသားမယားနှင့်အသွားအပ်သော မိန်းမ(၂၅)ယောက်နဲ့လွန်ကျူးမှုမရှိခြင်း၊မုသားစကား မပြောဆို မရေးသားခြင်း၊မူးယစ်စေတတ်သော အရက်စသည်ကိုသောက်သုံးမှုမရှိခြင်းစတဲ့အောက်ထစ်ဆုံး ငါးပါးသီလမြဲရပါတယ်။ထိုကံငါးပါးကိုမလုံခြုံရင်တော့ မင်းကျင့်တရားတစ်ပါးပျက်ပြန်ပါတယ်။လုံခြုံမယ်ဆိုရင်တော့ ပြည့်စုံပါတယ်။သူတစ်ပါးအသတ်ကိုသတ်သည်ဟုဆိုရာဝယ် ကိုယ်တိုင်သတ်မှမဟုတ်ပဲ လက်အောက်ငယ်သားများကိုတစ်ဆင့်သတ်စေခြင်း၊သူတစ်ပါးဥစ္စာကိုခိုးယူခြင်းဆိုရာတွင်လည်း ကိုယ်တိုင်ကိုယ်ကျခိုးယူခြင်းမှမဟုတ်ပဲ အောက်လက်ငယ်သားများကို တစ်ဆင့်ခိုးယူစေတာလည်း သူတစ်ပါးပစ္စည်းခိုးရာရောက်ပါတယ်။


(၃)။ပရိစ္စာဂ(စွန်ကြဲပေးကမ်းခြင်း)
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ မင်းသည် မိမိလက်အောက် မှူးမတ်၊လက်နက်ကိုင် တပ်ဖွဲ့စတဲ့ အရာရှိ ဝန်ထမ်းတို့အား လုံလောက်သော လစာ ရိက္ခာ စသည်တို့ကိုပေးကမ်းခြင်းကိုဆိုလိုတာပါ။ရုံးဝန်ထမ်း၊ကျောင်းဆရာ ကျောင်းဆရာမ စတဲ့ ဝန်းထမ်းများကိုလည်း လုံလောက်သော လစာ ရိက္ခာများကို ပေးရပါတယ်။ထိုသို့မကျင့်ရင်တော့ မင်းလို့မခေါ်သလို မင်းကျင့်တရားနှင့်လည်းမညီပါဘူး။ကျင့်ကြံမည်ဆိုပါက မင်းကျင့်တရားညီတယ်လို့ဆိုရမှာပါ။


(၄)။အဇ္ဇဝ(ကောက်ကျစ်စဉ်းလဲခြင်းမရှိ ရိုးသားဖြောင့်မတ်ခြင်း)
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ဆိုတာက ထိုအချက်နဲ့လည်းပြည့်စုံရပါတယ်။ဆိုလိုတာက တိုင်းသူပြည်သားများအနေနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ မင်းထက် ပို၍သင့်တော်မယ့် သူတစ်ဦးဦးကိုမင်းအဖြစ်ခံအပ်ရန် အလိုရှိချိန်မှာ ကောက်ကျစ်စဉ်းလဲစွာနဲ့ ထိုခန့်အပ်မယ်လို့ရည်ရွယ်ထားသူကို အကြောင်းအမျိုးမျိုးနဲ့ အုပ်ချုပ်ခွင့်မရအောင် ခန့်အပ်ခွင့်မရအောင် ကောက်ကျစ်စဉ်းလဲခြင်းကိုခေါ်တာပါ။ထိုသို့ကောက်ကျစ်စဉ်းလဲမည်ဆိုပါက မင်းကျင့်တရား တစ်ပါးပျက်ပြန်ပါတယ်။ထိုသို့မဟုတ်ပဲ ဖြောင့်မတ်မယ်ဆိုရင်တော့ မင်းကျင့်တရားတစ်ပါးနဲ့ပြည့်စုံတယ်လို့ပြောရမှာပါ။


(၅)။မဒ္ဒဝ(အမူအရာအပြောအဆို နူးညံ့သိမ်မွေ့ခြင်း)
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်သည် တိုင်းသူပြည်သားတို့အပေါ်၊အောက်လက်ငယ်သားတို့အပေါ်မှာ အပြောအဆို မရိုင်းစိုင်းရပါဘူး၊မကြမ်းကြုတ်ရဘူး။နူးညံ့သိမ်မွေ့ရပါတယ်။ငါအာဏာရှိတယ်ဆိုပြီး ရုန့်ရင်းကြမ်းတမ်းပြောဆိုမယ်ဆိုတော့ မင်းကျင့်တရားတစ်ပါးပျက်ပါတယ်။အပြောအဆိုနူးညံ့သိမ်မွေ့မယ်ဆိုရင်တော့ မင်းကျင့်တရား တစ်ပါးနှင့်ပြည့်စုံတယ်လို့ဆိုရမှာပါ။


(၆)။တပ(ဥပုဉ်ဆောက်တည်ခြင်း)
တိုင်းပြည်အုပ်ချုပ်သူ ဘုရင်အနေနဲ့ လပြည့်၊လကွယ် ဥပုဉ်နေ့များမှာ ဥပုသ်ဆောင်ကိုဝင်ရမယ်။ဆိုလိုတာက ရှစ်ပါးသီလ ကိုးပါးသီလဆောက်တည်ရမယ်လို့ဆိုလိုတာပါ။လပြည့်လည်းမသိ၊လကွယ်လည်းမသိ ဥပုသ်ဆောက်တည်ရမှန်း မသိပဲ လောဘ ဒေါသ မောဟ အလိုကိုလိုက်ပြီး နေမယ်ဆိုရင်တော့ မင်းကျင့်တရားပျက်ပါတယ်။တကယ်လိုက်နာကျင့်သုံး ဥပုသ်ဆောက်တည်မယ်ဆိုရင်တော့ မင်းကျင့်တရားတစ်ပါးနဲ့ညီတယ်လို့ဆိုရမှာပါ။ဒီအချက်ကိုစဉ်းစားကြည့်ပေါ့။ယခုခေတ်မင်းတွေ ဥပုသ်စောင့်သုံးလား မစောင့်သုံးဘူးလားဆိုတဲ့အချက်ကိုပါ။


(၇)။အကောဓ(တိုင်းသူပြည်သားတို့အား အမျက်ဒေါသမထားပဲ ချမ်းသာစေခြင်း)
ဆိုလိုတာက တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်သည် တိုင်းသူပြည်သားတို့ချမ်းသာတာကို မနာလိုဝန်တိုဖြစ်ပြီး အငြိုးထားတာမျိုးမလုပ်ရပါဘူး။ဒီလူ ငါ့ထက်ချမ်းသာသွားမလား၊ငါ့အာဏာကိုသိမ်းပိုက်သွားမလား ဒီလူမရှိမှအေးမယ် ဒီလူကိုထောင်ချလိုက်မယ် စသည်ဖြင့်ပေါ့လေ မလိုလားအပ်တဲ့အငြိုးတွေ အာဃာတတရားတွေမထားပဲ ချမ်းသာစေရပါတယ်။ဒီကျင့်ဝတ်နဲ့မညီရင်တော့ မင်းကျင့်တရားပျက်တယ်လို့ဆိုရမှာပါ။လိုက်နာတဲ့ကျင့်သုံးတဲ့မင်းကတော့ မင်းကျင့်တရားတစ်ပါးနဲ့ပြည့်စုံတယ်လို့ပြောရမှာပါ။


(၈)။အဝိဟိံသန(တိုင်းသုပြည်သားတို့အား မနှိပ်စက်ပဲ သနားခြင်း)
တိုင်းပြည်အုပ်ချုပ်တဲ့ မင်းဆိုတာမျိုးက တိုင်းသူပြည်သားတို့ကို မနှိပ်စက်ရဘူး၊စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင်မလုပ်ရဘူး၊ဘယ်လိုအကြောင်းမျိုးနဲ့မှ မဆင်းရဲစေရဘူး။ဆိုလိုတာက တိုင်းသူပြည်သားတို့နေ့စဉ် အားကိုအားထားပြုနေရတဲ့ လမ်း၊တံတာ၊ရေ၊လျှပ်စစ်မီး စတဲ့အရာတွေနဲ့ပတ်သတ်လို့လည်း စိတ်ချမ်းသာစေရမယ်။နှိပ်စက်တဲ့ပုံစံမျိုးမဖြစ်စေရဘူး၊ရေတွေဖြတ်တောက်တာ၊လမ်းတွေပြင်မပေးတာ၊

လျှပ်စစ်မီးတွေမပေးတာကြောင့် စိတ်ဆင်းရဲမျိုးဖြစ်တတ်ကြပါတယ်။ထိုစိတ်ဆင်းရဲမှုတွေဖြစ်မယ်ဆိုရင် နှိပ်စက်သလိုဖြစ်တတ်ပါတယ်။တကယ်လို့ တိုင်းသူပြည်သားတွေကို နှိပ်စက်တဲ့ပုံစံမျိုးဖြစ်နေမယ်။

တိုင်းသူပြည်သားတွေစိတ်ချမ်းသာ ကိုယ်ချမ်းသာမဖြစ်ဘူးဆိုရင် မင်းမှာအပြစ်ရှိပါတယ်။

မင်းကျင့်တရားတစ်ပါးပျက်ပါတယ်။မနှိပ်စက်ဘူး တိုင်းသူပြည်သားတွေကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်စေမယ်ဆိုရင် မင်းကျင့်တရားနှင့်ပြည်စုံပါတယ်။




(၉)။ခန္တီ(သည်းခံခြင်း)
ဆိုလိုတာက တိုင်းပြည်အုပ်ချုပ်တဲ့မင်းကို တိုင်းသူပြည်သားများက နှုတ်ဖြင့်သော်လည်းကောင်း စာဖြင့်သော်လည်းကောင်း မရိုမသေပြုလုပ်ရင်တောင်မှ သည်းခံရမယ်တဲ့၊တိုင်းသူပြည်သားကမင်းရဲ့ကြမ်းကြမ်းတမ်းတမ်းပြောဆိုတာကို သည်းခံရမှာမဟုတ်ဘူးတိုင်းသူပြည်သားတို့ရဲ့ နှုတ်နဲ့မရိုမသေပြောဆိုတာကို မင်းကသည်းခံရတာပါ။


(၁၀)။အဝိရောဓန(ရဟန်း ရှင်လူ ပြည်သူများနှင့် ဆန့်ကျင်ဘက်မလုပ်ခြင်း)
ဒီအချက်က အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရှင်သည်ပင်လျှင် သတ္တဝါတွေကိုတရားဟောတဲ့နေရာမှာ ပုဂ္ဂိုလ်ရဲ့ အလိုကိုလိုက်ပြီးဟောတော်မူခဲ့ရပါတယ်။ဒီအတိုင်းပါပဲ မင်းဆိုတာမျိုးက မ..တစ်ထောင်ကိုအုပ်ချုပ်ရတာဖြစ်တဲ့အတွက် မည်သူနှင့်မျှ ဆန့်ကျင်ဘက်ဖြစ်အောင် မလုပ်ရပါဘူး။တရားကိုမကျင့်ဆောင်ပဲ ပြည်သူတွေနဲ့ ဆန့်ကျင်ဘက်လုပ်မယ်ဆိုရင် ပြည်သူတို့မုန်းတီးပြီး အလိုရှိတဲ့ သူကိုရှာပြီး မင်းကိုဖျတ်စီးတတ်ပါတယ်။မင်းအနေနဲ့ အင်အားကြီးလို့ ပြည်သူတို့က မနိုင်ပဲ တိုင်းတစ်ပါးကိုသွားပါက ပြည်ပျက်ပါတယ်။တစ်ခြားတိုင်းပြည်တွေရဲ့ နှိပ်ကွက်မှု အပြစ်တင်မှုများကိုခံရတတ်ပါတယ်။ဒါကမင်းတွေကျင့်ရမယ့် မင်းကျင့်တရားဆယ်ပါးဖြစ်ပါတယ်။ဒီမင်းကျင့်တရားဆယ်ပါးနှင့်အတူ နောက်ထပ် ချီးမြောက်ထောက်ပန့်ခြင်းဆိုတဲ့ သင်္ဂဟတရားလေးပါဆိုတာရှိပါသေးတယ်။
သင်္ဂဟတရား ဆိုတာ အကြီးအကဲ အစိုးရ (သို့) ပြည့်ရှင်မင်းတို့ဟာ မိမိတို့ အုပ်ချုပ်တဲ့ တိုင်းပြည်နိုင်ငံကို စည်ပင်သာယာအောင် စောင်မကြည့်ရှု ချီးမြှောက် သူကောင်းပြုနည်းပဲ ဖြစ်ပါတယ်။ တဦးတယောက်ကို သူကောင်းပြု လိုရင် ရာထူးပေးခြင်း၊ ဆုလာဘ်ပေးခြင်းတို့ကို ပြုလုပ်ရသလို နိုင်ငံတခုလုံးကို ချီးမြှောက် သူကောင်းပြုလိုရင်တော့ ဒီ သင်္ဂဟတရား (၄) ပါးနဲ့ ချီးမြှောက်ရ တယ် လို့ ဆိုပါတယ်။


သင်္ဂဟတရားလေးပါက(၁)။သဿမေဓ၊(၂)။ပုရိသမေဓ၊(၃)။သမ္မာပါသ။(၄)။ဝါစာပေယျတို့ဖြစ်ပါတယ်။
(၁)။သဿမေဓ။
အခွန်အတုတ် ကောက်ခံရာတွင် ပြည်သူပြည်သားများ မနာမကြည်းရအောင် နိုင်ငံအင်အားအလျောက် ညှိနှိုင်း၍ အပိုအလိုမရှိ သင့်တင့်လျောက်ပတ်စွာ သဘောတူညီရာ ကောက်ခံခြင်း။ဖြစ်ပါတယ်။
(၂)။ပုရိသမေဓ
နိုင်ငံကို စောင့်ရှောက်ထိန်းသိမ်းသောသူတို့ကို ကြီးစဉ်ငယ်လိုက် နေရာကျ အောင် ချီးမြှောက်ပေးကမ်းခြင်း။
(၃)။သမ္မာပါသ
ကုန်သည် လယ်သမားတို့ကို ကူးသန်းရောင်းဝယ်နိုင်အောင် အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးခြင်း၊ ကြည့်ရှုစောင်မခြင်း။ အရင်းအနှီးမရှိသော ကုန်သည် လယ်သမားတို့အား အတိုးမဲ့ အရင်းအနှီး ပေးကမ်းမစခြင်း။
(၄)။ဝါစာပေယျ
အကုသိုလ်ဒုစရိုက်ဖြစ်သော ဖရုသ၀ါစာကို ရှောင်ကြဉ်၍ ချိုသာနာပျော်ဖွယ် စကားကို ပြောဆိုခြင်း။တို့ဖြစ်ပါတယ်။
ထိုဆိုခဲ့ပြီးတဲ့မင်းကျင့်တရားဆယ်ပါးနှင့် သင်္ဂဟတရားလေးပါးတို့ကိုဟန်ချက်ညီညီ ဖြည့်ကျင့်ပါမှာမင်းမည်တယ်ဆိုတဲ့အကြောင်း၊ထိုမင်းကျင့်တရားဆယ်ပါးနှင့် သင်္ဂဟတရားတို့မှတစ်ပါးပါးကိုဖောက်ဖျတ်မယ်ဆိုရင်မင်းမမည်ကြောင်း မင်းလို့ခေါ်လို့မရတဲ့အကြောင်း မင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့မထိုက်တန်ကြောင်းတစ်စေ့တစ်စောင်းရေးသားလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)

http://www.wiradhamma.blogspot.com

ဦးဇင်းဘလော့မှာလာရောက်ဖတ်ရှုလို့ရပါတယ်။

No comments: